Monday, May 3

မိုးခါးရေ မသောက်သူများ

စမ်းရေ
ဘ၀ဟာ ပုံစံခွက်
အကွက်ချထားတဲ့ ဇာတ်ညွှန်းထဲ
သရုပ်ဆောင်တွေသာ ကွာသွားတယ်။
ငိုကြွေးခဲ့ကြတယ်
ပျော်မြူးခဲ့ကြတယ်။
ငိုက်မြည်းခဲ့ကြတယ်
ရင်သတ်ရှုမောခဲ့ကြတယ်။
ဝမ်းတထွာအတွက် လက်ပစ်ကူးခဲ့ကြတယ်၊
ပိုလိုချင်ခဲ့သူတွေ ရေနစ်ခဲ့ကြတယ်။
အ၀ိဇ္ဇာလွှမ်းပြီး၊ သိက္ခာကို ချရောင်းခဲ့ကြတယ်။
နေ၀င်နောက်ကျခဲ့တဲ့ ညတွေ
နေ၀င်စောခဲ့ရတဲ့ နံနက်ခင်းတွေ
ဘ၀ဟာ ပုံစံခွက်
အများစုအတွက်လေ။

အဲဒီအထဲမှာ ဗုဒ္ဓ မပါဘူး။
အဲဒီအထဲမှာ ယေရှု မပါဘူး။
ဂန္ဒီ မပါဘူး။ အောင်ဆန်း မပါဘူး။
အမေစု မပါဘူး။
Che Guevara မပါဘူး။ Mother Teresa မပါဘူး။
မြို့မငြိမ်း မပါဘူး။
မင်းကိုနိုင် မပါဘူး။ မ၀င်းမော်ဦး မပါဘူး။
ရေငတ်ခဲ့ကြပေမယ့်၊
မိုးခါးရေ မသောက်ခဲ့ကြဘူး။
ပုံစံခွက်ကို တော်လှန်၊
တရားခြင်း ဆိုတဲ့ “ဓမ္မ” အမြိုက်ရေကိုသာ သောက်သုံးခဲ့ကြတယ်။ ။


စမ်းရေ
မေလ ၁ ရက်၊ ၂၀၁၀။