Sunday, December 28

အများအကျိုး ကိုယ့်အကျိုး

တင်မိုး
မနီကလေးပန်းပန်ချင်
ပန်းဥယျဉ်ကိုဝင်
ပန်းပန်ချင်ယင် ပန်းပင်ပျိုး
အများအကျိုး ကိုယ့်အကျိုး။

မနီကလေး ထမင်းဆာ
လယ်တောဆီကိုလာ
ထမင်းဆာယင် ကောက်ပင်ပျိုး
အများအကျိုး ကိုယ့်အကျိုး။

မနီကလေး ချွေးစိုစို
စရပ်ရိပ်မှာခို
နေခိုချင်ယင် စရပ်မိုး
အများအကျိုး ကိုယ့်အကျိုး။

စာမျက်နှာ (၁၉) တတိယအကြိမ်ထုတ် ထီးကလေးနဲ့မနီ ကဗျာစာအုပ်မှ



Type the rest of your post here..

Friday, December 19

အနိုင်မခံ (ဘာသာပြန်)

ဗိုလ်ချုပ်အောင်ဆန်း

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး

ကံတရား၏ ရိုက်ပုတ်ခြင်း ဒါဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။

(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)

အင်္ဂလိပ်ကဗျာဆရာ ဝေလျီယံအာနက်စ်ဟန်လေး
၁၈၇၅ခု၌ရေးသားခဲ့သော မူရင်း အင်ဗစ်က်တက်စ် ကဗျာကို ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်ဆိုသည်။

မူရင်းအင်္ဂလိပ်ကဗျာ

Invictus

William Ernest Henley

Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeoning s of chance
My head is bloody, but unbowed.

Beyond this place of wrath and tears
Lies but the horror of the shade,
And yet the menace of the years
Finds, and shall find me, unafraid.

It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
Engrave this quote in Our Store! Rate this Quote! Tell a Friend.

1875
.

ချစ်တဲ့မနောမြေစာမျက်နှာမှ ကူးယူဖော်ပြပါသည်။
http://chittemanawmyae.blogspot.com/2008/02/blog-post_13.html

Type the rest of your post here..

Tuesday, December 16

ဆောင်းဆိုးရှရာ

နီယော်ဓာ
ကိုခင်လွန်းရဲ့ မီးဖိုကလေးနား တခဏဖိုပြီးပြန်လာတော့..
ဆောင်းဒဏ်ရာရတတ်တဲ့ နှင်းပွင့်တွေ ဟိုဒီခိုလို့ပါခဲ့တယ်..

ယာယီဆိုပေမယ့်..
သံမဏိနှင်းလို ရဲဘော်နဲ့ ရဲမေကြီးတွေ
ကိုယ်ရော၊ စိတ်မှာပါ
ဆောင်းဆိုးရှရာတွေ ပြေပါ၊ ပျောက်ပါစေ။

ပုလင်းကလေးတလုံးလွတ်ကျသလို
ဖြစ်တည်မှုတွေ အစိတ်စိတ်အမွှာမွှာနဲ့
သူငယ်ချင်းတယောက်ကတော့
ယုံကြည်မှုဆိုတဲ့လက်ချောင်းလေးတွေ ထိမိခိုက်မိရက်က
သူ့ကိုယ်သူလိုက်ကောက်ရင်း ပြောဖူးတယ်..

ရေခဲခြင်းဆိုတာလဲ ကန္တာရတမျိုးပါပဲတဲ့လေ..

၂၀၀၈ခု ဒီဇင်ဘာလ ၁၆ရက် မနက် ၂နာရီ ၃၆မိနစ်

ကဗျာဆရာ ခင်လွန်း၏ ယာယီနှင်းများ ကဗျာရှည်ကြီးကြောင့် ဝေဒနာပေါ်ပြီးရေးပါသည်။
http://thitkhetthanlwin.blogspot.com/

Select ပေးပြီးရေးပါ...



Type the rest of your post here..

Tuesday, December 9

အမေ့အနက်

ပျို
"မေမေ့ဘ၀ရဲ့ နံပါတ်တစ် အရေးကြီးဆုံးဟာ သမီးလေးပါ။
နံပါတ်နှစ်ဟာလဲ သမီးလေး..
နံပါတ်သုံးဟာလဲ သမီးလေး..
မေမေ့ရဲ့ နံပါတ်စဉ်တိုင်းဟာ သမီးကလေးပါပဲ သမီးရေ.."

ကော်ဖီခါးခါးတခွက်ကို မော့ရင်း
ကုန်ဆုံးခဲ့ရတဲ့ မနက်တိုင်းမှာ..
ရဲရင့်စွာပေးဆပ်ခြင်းရဲ့ အနက်တွေဖွင့်ဖို့
ကျမအပတ်တကုတ် ကြိုးစားမိသမျှ
ခိုင်းနှိုင်းခံ နိမိတ်ပုံတွေအားလုံးဟာ
အမေ့အသက်ရှုသံမျှင်းမျှင်းလေးအောက်မှာ
သိမ်ငယ်လွန်းစွာ ဖျော့တော့သွားရတော့တာပါပဲ...

သိမ်မွေ့လွန်းတဲ့ အတွေးစိတ်ကူးတွေကို စားသုံးရင်း
လရောင်ငြိမ်ငြိမ်အောက် အေးမြမှုတွေကောက်မိတဲ့ ညတိုင်းမှာ
ကျမရခဲ့တဲ့ လေပြေနုနုနဲ့ သမာဓိတိတ်တိတ်ကြားက
လကလေးရဲ့ အရိပ်တွေဟာ
အမေ့ရင်ခွင်ထဲက မေတ္တာငွေ့တွေကြားမှာ
ခပ်ဝါးဝါး မှိန်ကျသွားတဲ့ မီးခဲလေးတွေသာသာ
အေးမြနေရရှာတော့တာပါပဲ...

ဒီလိုနဲ့...
ကုန်ခဲ့ရတဲ့ နာရီလက်တံအစုအပုံတွေကြားမှာ..
အမေ့လက်ချောင်းလေးတွေက..
ကျမပန်းချီကားရဲ့ အပြောင်မြောက်ဆုံးစုတ်ချက်တွေအဖြစ်နဲ့
အမေ့ရီသံလွင်လွင်လေးတွေက..
ဖွဲ့မရတဲ့ ကျမကဗျာတွေအတွက် နရီကိုက်ကာရံတွေအဖြစ်နဲ့
အမေ့သွေးလည်ပတ်နှုန်းတွေက..
ဆိုညည်းခွင့်မရတဲ့ ကျမသစ္စာတေးတွေအတွက်
အထိရှဆုံး အဖွင့်သံစဉ်တွေအဖြစ်နဲ့
အမေ့ဆံစလေးတွေက..
ကျမနဲ့လောကကြားက နှောင်တင်းမရတဲ့ ပြတ်တောက်မှုတွေအတွက်
အခိုင်ဆုံးကြိုးစမျှင်လေးတွေအဖြစ်နဲ့
. . . . . . . . . . . . . . .

ကျမကတော့ အရွယ်လွန်အဘွားအိုကလေးတယောက်
ဖြစ်လာချိန်မှာတောင်
အမေ့အတွက်
ကလေးသာသာ ကလေးလေးတယောက်ထက်
ဘာမှပိုနိုင်ခဲ့မှာ မဟုတ်ပါ...

ကျမဘ၀ရဲ့နံပါတ်တစ် အရေးကြီးဆုံးဟာ...?
နံပါတ်နှစ်ဟာ.....................?
နံပါတ်သုံးဟာ.....................?
ကျမရဲ့ နံပါတ်စဉ်တိုင်းဟာ........မေမေ.....
မဖြစ်နိုင်ခဲ့ရင်တောင်

အမေ့ရဲ့ ခွင့်လွှတ်ခြင်းတွေက
အရှိုက်ခက်နေတဲ့ ကျမရဲ့ ငိုကြွေးခြင်းတွေအတွက်
သစ္စာအမြဲဆုံး သားချော့တေးတပုဒ်အဖြစ်နဲ့...............

၁၉၉၇ခု မေလ ၁၅ရက်
မေမေ့အတွက် အမှတ်တရ ရေးဖွဲ့ခဲ့ပါသည်။

Type the rest of your post here..

Saturday, December 6

မေမီ

နီယော်ဓာ
မေမီ
ညီမလေးဟာ ကမ္ဘာမြေအတွက်
ကံကောင်းခြင်းတွေကို
ခြွေပေးနိုင်မယ့်သူကွယ့်...

အသက်ရှုမှု ယန္တယားမှာ
ကဗျာတွေဟာ ထိုးဆီမို့
ဒီတပုဒ် မင့်အတွက်..

ယုံကြည်မှုတွေကို အထပ်ထပ်ဖုန်ခါကြစို့ရဲ့
တန်ဖိုးအစိပ်အကျဲတွေအတွက်
သစ္စာမျက်လုံးကိုငှား..
စကြာဝဋ္ဌာကြီးတောင်ဖျားနာတတ်လေတော့..

မေမီရေ..
နေ့ခင်းအိပ်မက်တွေအတွက်
ဖန်ပုလင်းအဖုံးလေး ဖန်ဆင်းပေးချင်ပါရဲ့ ...

ဒီအကွေ့လေးမှာ.. ဒို့အတ္တတွေကို
အပြန်အလှန်ထမ်းပိုးကြရင်း..
သန်းခေါင်ဘ၀ထုထဲ တိုးလိုက်ကြစို့ရဲ့ ...

အဲဒီအခါ..
ညီမလေးဟာ ကြယ်မှုန်ကလေးဖြစ်လိမ့်..
ညတွေကွဲအက်အောင်..
လင်းလိုက်..လောင်လိုက်စမ်း..

မနက်ခင်းတွေက မင်းကို
ကောင်းကောင်း..မှတ်မိနေပါလိမ့်မကွယ်..

အေးချမ်းစေ..

၂၀၀၇ခု
သြဂုတ်လ ၂၁ရက်


Type the rest of your post here..

Wednesday, November 19

သစ္စာအမှာ

သျှမ်းလေး
ရိုင်းသည့်ကောင်းကင်
ထိုးဖောက်ဝင်သည်
တော်လှန်ရဲရင့်
တိုက်ပွဲဖွင့်သူ
အသင်လူသည်
ရွှေတောင်ပံထက်
သွေးစက်ယိုစီး
ခေတ်သစ်ခရီးဆီ
ဒို့တွေညီစွာ
ပွဲခင်းသာမှ
သမိုင်းသစ်ကို
မှော်ကွန်းစိုက်ယူ
မှတ်တိုင်ထူဖို့
ပေးဆပ်သူတို့၏ သစ္စာအမှာ...

၂၀၀၈ခု နိုဝင်ဘာလ ၁၉ရက် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ တက္ကသိုလ်ဆေးရုံ အရေးပေါ်ဋ္ဌာန



Type the rest of your post here..

Thursday, September 25

ဝါဒ

နီယော်ဓာ
အသိတရားရိုးတံတို့
ဆည်းပူးမှု အဆစ်ဆက်ရင်းကိုင်းညွှတ်
ဖြတ်သန်းမှုတွေ သိပ်သည်းစေတဲ့အခါ
ခံစားမှု ဖူးတွေ ဝေတယ်..
ယုံကြည်ရပ်တည်ရာဟာ ဒီအတိုင်းသာ ရှင်သန်ရ..
စိတ်ဝိဉာဉ်တို့နဲ့ ရေလောင်းပေါင်းသင်..
သက်ထား၍ ပျိုး
ငြိုးခဲ နွမ်းခဲလေသည်။

လူ့ရွာမှသည် လူ့စကြာထိ
မွှေးတရှရှ မြမြ လှကြစေ။

၂၀၀၈ စက်တင်ဘာလ ၂၅ရက်နေ့ ည၈နာရီ ၅၀မိနစ်






Type the rest of your post here..

Tuesday, July 1

သူလျှိုကြီး

နီယော်ဓာ
သူလျှိုကြီးဟာ
အကောင်ကြီးကြီး၊ အမှီးရှည်ရှည်
တောမီးလောင်အောင် ရှို့တယ်။

ဘာလင်တံတိုင်းပြိုခဲ့တာလဲ အမှတ်မရဘူး။
ဗုဒ္ဓ၊ ယေရှုတော်နဲ့ ပိဋိကပ်တွေ၊ သမ္မာကျမ်းတွေကို
မျက်နှာဖုံးချုပ်ဝတ်
ပါးတဖက်တောင် မလုံချင်ဘူး။

သူလျှိုကြီးမှာ အရွယ်အပိုင်းအခြားမရှိဘူး။
တကိုယ်လုံး အရည်တစိုစိုနဲ့လောက်ကိုက်နေတဲ့
အတ္တဆွေးတွေကို အယားပြေရုံ
မီးမြှိုက်ဖို့ တောမီးကိုသာရှို့တယ်။

မျက်နှာဖုံးအောက်မှာ
အဖာတရာ ကွာလုကွာခင်ဖြစ်နေတဲ့
အင်္ဂါလှိုက် အနာဖေးတက်
မျက်နှာဘေးသက်သက်သာရှိတယ်။

သူလျှိုကြီးဟာ မငိုတတ်တော့
အသံနက်ကြီးနဲ့ အာအာအီအီ
အော်ဟစ်မြည်တမ်း
ချာလပတ်ရမ်းရမ်းပြီး ခုန်တတ်တယ်။

သူလျှိုကြီးဟာ ပုစ္ဆာတပုဒ်မဟုတ်။
အိပ်ရေးပျက်ခံရလောက်တဲ့
အိပ်မက်ဆိုးလဲ မဟုတ်လေဘူး။
သူလျှိုကြီးဟာ ကျုပ်တို့တောကြီးရဲ့
နိယာမအမှုန်အမွှားတခုသာဖြစ်တယ်။

အဲဒီ သူလျှိုကြီးဟာ မှန်ကိုအကြောက်ဆုံးပဲ။





Type the rest of your post here..

Sunday, June 22

ပုဝါ မကူ ရေ မရူ

သားဗမာ
ညီစေဟေ့ ညီစေ
အာဇာနည်တို့ရေ။

သမိုင်းမျက်နှာတရွက် ကုန်လို့
အရေးတော်ပုံ ဆိုက်ရောက်ပြီ။

ဒို့တိုင်း ဒို့ပြည် သာယာလှဖို့
နောင်လာသားတို့ ကောင်းစားဖို့ရေး
ဒီစစ်ခွေးမိုက်အုပ် ဒို့မောင်းထုတ်ကြစို့။

ငါတို့အရေး ငါတို့ ထမ်းမယ်
တွဲလက်တို့ တင်းထားညီရင်းနှမတို့ရေ။

ဒင်းတို့ ၀ါးရင်းတုတ်မှာ ငါတို့ဒူးမတုံ့
လှံစွတ်သေနတ် ငါတို့ရင်စိုက်လဲ
ပုဝါ မကူ ရေ မရူ
သခင်စိတ်နဲ့ ငါတို့ သရဏဂုံတင်မယ်။

တဘ၀ တခါသာသေ
ငါ့ညီ နှမတွေဘဝ
စစ်ကျွန်နင်းပြားမကျစေရ။

သောင်းထိုက်က ဘ၀ဂ်ညံ
လူထုထောက်ခံတဲ့ တပ်ဦးအားမာန်
တဗိုလ်ကျရင် နောက်တဗိုလ် တက်မယ်။

အလံတံခွန် မြေမခ
ငါတို့သွေးသာ မြေကျခံမယ်
အရေးတော်ပုံ ဒီစခန်း
ဦးလည်မသုန် ချီတက်ကြစို့။

လူသေရင်တောင်
ဝိဉာဉ်တွေ မုန်တိုင်းဆင်မယ်။

စက်တင်ဘာလ ၂၈ရက် ၂၀၀၈


Type the rest of your post here..

Friday, May 16

လွတ်လပ်သောနိဗ္ဗာန်

ရာဝိန္ဒြာနတ်တဂိုး
စိတ်ကမကြောက်ဘဲနှင့် ခေါင်းကိုမတ်စွာ
ထားနိုင်သောအရပ်၌လည်းကောင်း၊

ပညာသည် လွတ်လပ်ရာ၌လည်းကောင်း၊

ကမ္ဘာကို ကျဉ်းမြောင်းသော လူမျိုးစုနံရံများဖြင့်
တောက်စိတ်ပိုင်းခြားမှု မရှိရာ၌လည်းကောင်း၊

စကားသည် နက်ရှိုင်းသော သစ္စာတွင်းမှလာသော
အရပ်၌လည်းကောင်း၊

မနေမနားသော အားထုတ်မှုသည်နိဗ္ဗာန်သို့
လက်လှမ်းသောအရပ်၌လည်းကောင်း၊

ဆင်ခြင်မှုချောင်းရေသန့်သည် အကျင့်ဆွေး သဲကန္တရတွင်
ခရီးလမ်းစ မပျောက်ရာ၌လည်းကောင်း၊

စိတ်ကို အစဉ်ပျံ့ပျူးသော တွေးဆပြုလုပ်မှုတို့သို့
အရှင်ရှေ့ဆောင်ရာ၌လည်းကောင်း၊

ထိုလွတ်လပ်သော နိဗ္ဗာန်၌တပည့်တော်၏ တိုင်းပြည်သည်
နိုးကြားနိုင်ပါစေ အရှင်ဘုရား။ ။

(ဂီတဉ္စလီ အမှတ်၃၅)

မိုးမခမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။


အံမကျဘူး

မင်းကိုနိုင်
တိုက်ပိတ်လို့
ဝစီပိတ်ခဲ့ရ
အဲဒီနှတ်ခမ်းနဲ့ဖွဲ့ကြည့်တဲ့ဂီတ
အံမကျဘူး....
ဆယ်နှစ်ဆယ်မိုးခေါက်ရိုးကျိုး
အဖြူရောင်ကသိုင်းရှုခဲ့ရ
အဲဒီ့မျက်လုံးတွေနဲ့
ဖန်တီးချင်တဲ့ရောင်စုံရှုခင်းအလှ
အံမကျဘူး....
လောကဓံကထိုးလိုက်တဲ့
မေးရိုးအကျိုးကြီးနဲ့
လောကကိုပြန်ပြုံးပြနေရတာကိုက
အံမကျဘူး....

Q မှတဆင့်
မအိရွှေစင်ညွန့် (ခ) မေအိခင်(လယ်ဝေး)မှ တော်လှန်ရဲသူအားလုံးအတွက် အရောက်ပေးပို့ပါသည်။




Monday, April 7

အလွမ်းတထွာ

နီယော်ဓာ
ဘယ်ပုံအသက်ရှုသွားမယ်ဆိုတာနဲ့
အလွမ်းတွေကို မြေးကလေး ပြဋ္ဌာန်းပါရစေ။

နူးညံ့သော၊ ရဲရင့်သော၊ စွမ်းသော ဖွားကြီးမာသို့ (နိုဝင်ဘာ ၂၉ရက် ၁၉၁၅- ဧပြီ ၇ရက် ၂၀၀၈)



Type the rest of your post here..

Friday, April 4

စိန်

နီယော်ဓာ
ဦးရီးရင်နဲ့ ပျိုးခဲ့သမျှအတွက်
အလွယ်တကူ အချိုးခြေမခံသေး..
ဒီနေ့
သေမင်းတမန်ကိုရော..
ယစ်မျိုးတရာကိုရော..
အမိုက်ဆုံး အမှောင်ထုကြီးကိုရော..
စိန်

မကြာသေးမီက မြစ်ကြီးနားထောင်တွင်းကျဆုံးသွားသော ဦးလေး ဦးမျိုးအောင်သန့်သို့

Summary

Rest of your post

Sunday, March 30

တကယ့်ခရီး

နီယော်ဓာ
တွေးခေါ်မြော်မြင်မှု တိမ်အိုရိုင်းတွေ၊
အိမ်ဝေး သွေးခြေဥ ခြုံထည်ကြမ်းတွေ၊
ခြိမ်းခြောက်မှုသော့တံကြီးကြီးနဲ့
အသေခတ်ပိတ်ပစ်ထားတဲ့ နေသာထိုင်သာရှိမှု ဘာသာတရားတွေ..
ဝိဉာဉ်ထိနှောင်ရင်း ပျော်ကျစီးထန်း။

သွေးစင်ညတွေမှာ အိပ်ပျော်တတ်ပါမှ၊
အော်ဟစ်ခြောက်ခြားရမှုတွေမှာ ဖွဲ့သီတတ်ပါမှ၊
ဟိုဒီဘယ်ဆီမရေရာတော့တဲ့ နံရံတွေကြားမှာ လုံခြုံတတ်ပါမှ၊
ကူးစက်ပိုးတွေလှိုင်နေတဲ့ရာသီဆိုးမှာ အိပ်မက်သက်လုံမွေးတတ်ပါမှ..

စမ်းကြည့်လိုက်တော့..
အိပ်ကပ်ထဲက နေ့တွေဟာ..
မိုင်တိုင်တွေအားလုံးအတွက်..မလောက်သလိုပဲ။

ရေကြည်စီးရာ ငါးစုံမြှူးရာသို့..

ခြေတလှမ်းတိုင်း ခရီးတွင်တယ်။
၂၀၀၈ခု မတ်လ ၂၈ ရက် နေ့ခင်း ၃ နာရီ


Summary

Rest of your post



Tuesday, March 4

ဒို့တိုင်းပြည်

ဇော်ဂျီ
ထလော့မြန်မာ၊ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ၊ ဒို့ရွာမြေဝယ်
စေတီ စပါး၊ များလည်း များ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ၊ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာ ထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းစောင်ကြလေ၊ ဆောင်ကြလေလော့

ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ့ ပန်း၍
တဝမ်းတစိတ် ညီစေသတည်း။ ။
၁၉၃၅ ခုနှစ် သြဂုတ်လ ကြီးပွားရေး အတွဲ - ၃၊ အမှတ် - ၁၁

Summary

Rest of your post



Wednesday, February 20

ခွေးဋီကာ

ငအောင်
ပလ္လင်ပေါ်မှာ ခွေးတက်ထိုင်
မောင်းလို့မနိုင် အကြံကုန်ပြီ
အဖန်တုံအောင်မိုက်လှပါတဲ့
ဒင်းတို့ မသာနွယ်မသာမျိုး။

ဝါးလုံးခေါင်းထဲလကသာ
ထရံကြားကပြတဲ့လက်သီး
အမှန်အမှားက ရှင်းနေပါတယ်
တော်သလင်းသားတွေ
ခွေးဇာတ်ကိုခင်း။

အို့ .... အို့ ချော့လည်းမရ
ရှူး .... ရှူးခြောက်လည်းမနိုင်
တဝုတ်ဝုတ်သာဟောင်လို့နေသည်
မောင်တို့တတွေ
ရှက်ကြောများဖြတ်ထားကြသလား။

တပ်မတော်အင်အားရှိမှ
တိုင်းပြည်တကယ် နွားဖြစ်ပြီ
မသနားသင့်ဒီကောင်တွေကို
ဘုန်းကြီးတောင် ခေါင်းခေါက်မှတော့။

မီးကင်နှင့်ပေါင်မုန့်ထောပတ်သုတ်
ခွေးဖင်နှင့်တကယ့်ကျက်သရေယုတ်
ဆယ်သက်သေတောင်ငါတို့မမေ့ပါဘု
ပေတရာကသွေးစက်တို့ရေ။ ။




Summary

Rest of your post

Monday, February 18

ဗန္ဓုလပန်းခြံ

မစိမ်းပင်
ငုဝါတွဲလဲ
အခဲအဆုပ်၊ လေလှုပ်ယိမ်းခါ
အလှရှာသူ ကြည်မောနိုင်။
နီပြာဝါရွှေ
ပန်းတွေ ပန်းတွေ၊ နေရာပတ်ချာ
ဒီမှာအနီး၊ ဟိုမှာအဝေး
အတွေးယောက်ယက် ခတ်နိုင်သေး။

ကောင်းကင်အပြာ
ကဗ္မလာမြေကွက်၊ မြက်ခင်းပြင်ညီ
နေရီဆည်းဈာ၊ အလှသာမော
အမောဖြေမလား။
မြို့ပြပန်းခြံ
ဟန်အပြည့်ရှိ၊ အလှရှိရဲ့
ကြည့်လိုနားလို၊ ဘယ်သူမဆို
ကြိုဆိုတံခါး ဖွင့်ထားတယ်။

ဟို တနေရာ
ခရစ်အပြာ၊ ကားဝါကားပြာ
ပတ်ချာကွင်းပြည့်၊ ကြည့်နေရွှန်းပြက်
လက်လက်လင်းသော ပိုးဖဲရောင်။

အရောင်ညစ်မွဲ
စက်ရုံထဲက အလုပ်သမား
ဈေးရုံထဲက အထမ်းသမား
လမ်းမပေါ်က နင်းပြား
ဆင်းရဲသားမြို့ပြ ဗိန်မ အေးသာ
မလာ ဘာကြောင့်အပန်းမဖြေ။

မြို့လယ်ပန်းခြံ
ဟန်အပြည့်ရှိ
ကြည့်လိုနားလို၊ ဘယ်သူမဆို ကြိုဆိုတံခါး
ဖွင့်ထားသားလေ။ ။
၂၀၀၆ခု ဖေဖော်ဝါရီလ သစ္စာတော်လှန်ရေးစာပေ မဂ္ဂဇင်း အမှတ် (၈)




Summary

Rest of your post

Sunday, February 10

ရင်ကြားစေ့ဆောင်း

စောမာန် (မန္တလေး)
နှင်းမှုန်တွေ တဖွဲဖွဲကျနေလေပြီ။

နောင်မွန်းမြို့လေးထဲမှာ အနမ်းတွေနဲ့ ခလုတ်တိုက်မိ
လွမ်းစိတ်တွေ ဖိတ်ကျကျန်ရစ်ပေါ။့

ကျမဟာ..ပန်းချီဆရာ ရမ်းဘ်ရန့် ဖြစ်ချင်သလား
သိပ္မံပညာရှင် နယူတန်ဖြစ်ချင်သလား
အချစ်ကိုကိုးစားရင်းပဲ..ရင်ခွင်စောင်းကြိုး အဖြတ်ခံခဲ့ရသူမို့
မသေချာ။

ကျမဟာ..
မောင်ချစ်တဲ့ ဗမာမလေးလဲ မဖြစ်ချင်
ကချင်မလေးလဲ မဖြစ်ချင်
ကရင်မလေးလဲ မဖြစ်ချင်
်ကယားမလေးလဲ မဖြစ်ချင်
ချင်းမလေးလဲ မဖြစ်ချင်
ရှမ်းမလေးလဲ မဖြစ်ချင်
ပအို့ဝ်မလေးလဲ မဖြစ်ချင်
ပဒေါင်မလေးလဲ မဖြစ်ချင်
လူသားလေးတယောက် အဖြစ်ပဲ..

မောင်က လက်ကိုဆွဲပြီး
ခရောင်းမြေကို ထွန်ရက်လို့
လွတ်လပ်ရေး အသီးအပွင့်
လူ့အခွင့်အရေး ပန်းဆွဲပန်းခိုင်
မြိုင်မြိုင်ဆိုင်ဆိုင် သီးရေးပွင့်ရေး
မောင့်ဘေးမှာ ဖြစ်တည်မှုလေးတခုဆိုတာနဲ့တင်
လုံလောက် ကျေနပ်ချင်စရာကောင်းပါပြီ မောင်ရေ။

မောင်က..
မေခနဲ့ မလိခက တပ်ပေးတဲ့
ငွေကြက်ခွပ် တောင်ပံလေးတွေနဲ့
လှပတဲ့လိပ်ပြာကလေး ဖြစ်လာသူဆိုရင်..

ကျမကလည်း..
ဧရာဝတီရဲ့ ရွှေရောင်ပွင့်ဖတ်တွေကို
ရင်ရှား(လျား)ထားတဲ့
မွေးထုံသင်း ပန်းတခင်းပေါ့။

မောင့်ကမ္ဘာမှာ ရွှေရောင်ပန်းတွေ ပွင့်ခွင့်မရှိဘူး “အားနန်” လို့
မောင့်တခွန်းစကား စိမ်းထားရက်သူ။

သမိုင်းကပူတဲ့ ကြွေး
လူမျိုးရေး အညှိုးအတေးတဲ့လား
အကျေဆပ်စရာ ရင်ခွင်တညွှတ်စာ
မျှော်လင့်ခြင်းအိပ်မက်တွေသာ ရှိပါရဲ့။

ကျမဟာ..
မောင်နဲ့ကွဲပြားစွာ မွေးဖွားလာခဲ့ပေမယ့်
မောင့်အတောင်ပံလေးတွေအကြောင်း
တမြတ်တနိုး ကဗျာဖွဲ့တတ်သူပါ။

အမုန်းတွေကို
ခါကာဘိုရာဇီရဲ့ ချောက်နက်ကြီးထဲ
ပစ်ချမြှုပ်နှံကြပါစို့။

ခွဲခြားမှုတွေကို
ကြိုးတံတားလေးအဖြစ် သိုင်းပြီး
စည်းလုံးကြပါစို့ မောင်ရေ။

အတိတ်ရဲ့ အမှားတွေ
မောင်နဲ့ ကျမခေတ်မှာမှ
ဝန်မချ..၊ ခွင့်မလွှတ်ကြရင်
အနာတရတွေနဲ့ မိခင်တိုင်းပြည်အတွက်
ဆေးဖက်ဝင်တဲ့ မေတ္တာတွေပျောက်ဆုံး
ဒီမိုကရေစီရေးလည်း ပျက်သုဉ်း
အနာဂတ်တွေ လုံးပါးပါးလိမ့်မယ်။

အမှတ်ရပါ ရဲ့ ..
“စု”စကား နားမှာကြားမိ
လူနည်းစုတွေ..၊ လူများစုတွေ
ယဉ်ကျေးမှုအသွင် ဘယ်လိုခြားလည်း
တခုတည်းသော
ငြိမ်းချမ်းရေးဓလေ၊့ ငြိမ်းချမ်းရေးယဉ်ကျေးမှုဆီ
ဦးတည်ရမတဲ့။
ပြည်ထောင်စုရဲ့ အနှစ်သာရဟာ ဒါပဲမောင်။

ဖေဖော်ဝါရီ ၁၂ရက်ဟာ
ဗမာမလေးတယောက်ကို
မေခနဲ့ မလိခက ကြည်ဖြူလက်ခံတဲ့ “ငွေလိပ်ပြာလေး” အဖြစ်ဖန်ဆင်းပြီး
ဧရာဝတီရဲ့ ရင်ခွင်က “ရွှေရောင် မနောပန်းလေးတပွင့်” ဖူးပွင့်ခွင့် ပေးလိမ့်မယ်။

နောင်မွန်းမြို့လေးထဲမှာလေ
မောင့်အနမ်းတွေနဲ့ ခလုတ်တိုက်မိ
ကျမရဲ့ လွမ်းစိတ်တွေ ဖိတ်ကျကျန်ရစ်ပေါ့
နှင်းမှုန်တွေ တဖွဲဖွဲကျနေလေပြီ။ ။
၂၀၀၅ ခု ဖေဖော်ဝါရီလ သစ္စာ တော်လှန်ရေးစာပေမဂ္ဂဇင်း အမှတ် (၄)

Summary

Rest of your post




Saturday, February 9

အမှောင်ထဲကအလင်းတစက်

ဂုရုကွေး
မနှစ်က ငါတို့မြေမှာ
သံဃာတွေရဲ့သွေးနဲ့
သမိုင်းစာမျက်နှာသစ်ကို ရေးထွင်း၊
အမှောင်ထဲက အလင်းတစက်။

ငါတို့ရဲ့အနာဂတ်အတွက်
အသက်နဲ့ရင်းပြီးပေးဆပ်သွားခဲ့။

နိဂုံးမှာတော့
ငါတို့မပြုံးခဲ့ကြရဘူး။

စနစ်ဆိုးကနေ ရုန်းထွက်၊
သွေးကြွေးကို ဆပ်ဖို့
ငါတို့အချိန်တန်ပြန်ပြီ။

သွေးနဲ့ရေးတဲ့မော်ကွန်းတွေနဲ့
ရဲရဲတောက်သွေးသောက်တို့
ငါတို့လက်တွေခိုင်ခိုင်မြဲ
အတူတူတွဲလို့

အနာဂတ်ထဲကိုတိုးဝင်ကြမယ်။



Summary

Rest of your post

Friday, February 8

အလှဆုံး ရိုမီယိုနဲ့ ဂျူးလိယက်

နီယော်ဓာ
လူတန်းစားဘာသာနဲ့
တဖွဖွ တတွတ်တွတ်
ရွတ်နေတဲ့ သမိုင်းဘဝ
ငါ သူ့အစား မောလှပြီ..

ရေခဲမြစ်တွေ အရည်ပျော်တဲ့အခ
အဲဒီထဲ မင်းနဲ့ငါ့သမိုင်း
တောင့်တင်းစွာ မျောပါလိမ့်..

ချစ်သူတွေ
မျက်လွှာချပြီး ကျောခိုင်းသွားရတဲ့အခါ
ဖြတ်သန်းသွားရတဲ့ ခရီးတွေက
ပိုရှည်သွားလေရဲ့  ..

ငါ့ချစ်သူရယ်..မုန်းတော့ မမုန်းပါနဲ့
အမုန်းဆိုတာ မကောင်းဘူး..

မင်းရွတ်ထမ်းသွားရတဲ့
လည်တံရှည် အိပ်မက်သေတွေ
အသက်သွင်းဖို့က ရှိသေးတယ် မဟုတ်လား..

ငါ့ဘ၀ကတော့ မင်းသိတဲ့အတိုင်း
သမုစ္ဆေဒ၀ိရတီတွေကို..
အခါခါချနင်းပြီး
ငရဲကို..သွားရမယ့် အဖြစ်..

ဒီတော့လဲ..ရှိစေတော့

ငါ့ရင်ခွင် အကျိုးကြီးကို..
ပြင်ဖို့ မကြိုးစားတော့ပါဘူး..
နီယော်ဓာ

၂၀၀၃ ခု ဒီဇင်ဘာလ ၂၈ရက် မွန်းလွဲ ၁၂နာရီ ၄၇မိနစ်

Summary

Rest of your post


Thursday, February 7

သားကောင်

ငအောင်
မှတ်မှတ်ရရ။ အဲဒီနေ့က ကျွန်တော့်မွေးနေ့။ ဇန်န၀ါရီရဲ့ နေ့တနေ့မှာဖြစ်သည်။ မွေးနေ့မတိုင်ခင်ကတည်းက အမေကကျွန်တော့်ကိုမေးပါသည်။ "သား... ဒီနှစ်မင်းမွေးနေ့မှာ မင်းဘာလုပ်ချင်သလဲ" ဟု။ "ထူးထူးခြားခြားကုသိုလ်ကောင်းမှူတခုခုလုပ်ပါလား”ဟုလဲဆိုသည်။ အဲသည်တော့ ကျွန်တော် စဉ်းစား၏။ သူများအတွက်လည်း အကျိုးရှိ ၊ ကိုယ်လည်းကုသိုလ်ရမည့်ဟာ တခုခုပေါ့။ ကျွန်တော်ဆိုသည့်ကောင်ကလည်း တနှစ်လုံးနေမှ ဘုရားဆယ်ခါပြည့်အောင် ရှိခိုးသည်မဟုတ်။ ဒီတခါတော့ ကောင်းမှုလေးတခုလောက် လုပ်ဦးမှပါလေဟုတွေးပြီး ဘာလုပ်လျှင်ကောင်းမလဲဟု စဉ်းစားပါသည်။

ရုတ်တရက် အတွေးတခုပေါ်လာ၏။ ကျွန်တော်တို့အိမ်ရှေ့မျက်နှာခြင်းဆိုင်တွင် ဆင်းရဲသားပျံကျရပ်ကွက်တခုရှိသည်။ အများစုမှာ လက်လုပ်လက်စား အောက်ခြေလူတန်းစားများဖြစ်ပြီး လူလတ်တန်းစားအနည်းငယ်သာရှိသည်။ ကျွန်တော်တို့အခေါ်အရဆိုရင် "အပေအတေ" တွေပေါ့။ စရိုက်တွေကကြမ်းသည်။ ဘဝရဲ့ဒဏ်ရာတွေပါ။ အဲသည်တုန်းကတော့ စနစ်ဆိုးတွေဘာတွေ မစဉ်းစားခဲ့မိ။ အဲသည်ရပ်ကွက်ကကောင်တွေနဲ့လည်း ရန်မကြာခဏဖြစ်ဖူး၍ ရန်ငြိုးရှိသည်။ သည်တော့ ထိုရပ်ကွက်ထဲသို့ ကျွန်တော်သိပ်မသွားဖြစ်ခဲ့။ ထိုရပ်ကွက်ထဲမှဘဝတွေကိုလည်း အနီးကပ်မသိခဲ့။
ရုတ်တရက်ပေါ်လာသောစိတ်ကူးအရ ထိုရပ်ကွက်ထဲရှိ ဆင်းရဲသောအိမ်တအိမ်စီကို ဆန်တပြည်စီဝေငှရန်ကြံစီသည်။


ကျွန်တော့်အတွေးမှာ ထိုရပ်ကွက်ထဲမှကောင်တွေနှင့် ဆက်လက်ရန်ဖြစ်ချင်စိတ်မရှိတော့။ ရန်လည်းပြေမည် ၊ ကုသိုလ်လည်းရမည် ၊ ထိလည်းထိရောက်မည်။ တချက်ခုပ် လေးငါးချက်ပြတ်သော အစီအစဉ်ပင်ဖြစ်သည်။ ထိုအကြံကို အမေ့အားပြောပြသည်။ အမေကလည်းသဘောကျ၏။

ထို့ကြောင့်ထိုရပ်ကွက်မှ ရပ်ကွက်လူကြီးနှင့်တိုင်ပင်သည်။ ရပ်ကွက်လူကြီးက "ကျွန်တော်တို့ဝေပေးမယ်လေ ၊ အစ်မကြီးတို့ဒုက္ခခံဝေနေစရာ မလိုဘူး" တဲ့။ "ဟင်း... ဟင်း.... ဟင်း.... ဒါမျိုးလာမလုပ်နဲ့လေ။ သမဆိုင်က အလေးကိုပဲသွေးလို့ရမယ်။ ကိုယ်တို့ကိုဂွင်လာမဖန်နဲ့။ ဒါမျိုးတွေရိုးနေပြီ။"

အဲဒီလို ရပ်ကွက်လူကြီးနဲ့ညှိလို့မရတော့ ကိုယ့်ဟာကိုယ်ပဲ မရ,ရအောင်လှူမယ်ဆိုပြီးတော့ ဆန်ငါးတင်းဝယ် ၊ ကြွပ်ကြွပ်အိပ်ထဲ တပြည်စီထည့် ၊ ပြီးတော့ ဆန်ထုပ်တင်ဖို့ကားတစ်စီးငှါး အစစ အရာရာ ပြင်ဆင်ကြပါသည်။ နောက်နေ့ (ကျွန်တော့်မွေးနေ့) ရောက်တော့ စီစဉ်ထားသည့်အတိုင်း ကားတစီးဖြင့် နေ့ခင်း (၁)နာရီလောက်တွင်အိမ်မှထွက်၏။ ထိုရပ်ကွက်ထဲစ,ဝင်တော့ စိတ်ကတထင့်ထင့်။ ငါတို့လှူတာ သူတို့မှယူကြပါ့မလားမသိဘူးပေါ့။

ကျွန်တော့်အထင် တက်တက်စင်လွဲခဲ့ပါ၏။

ရပ်ကွက်ထဲရောက်တော့ ထူးထူးခြားခြားဆိုင်တဆိုင်ကို ကျွန်တော်တွေ့လိုက်ရသည်။ ပထမတော့ မုန့်ဟင်ခါးဆိုင်ထင်မိ၏။ လူစီကားလှသည်။ လူများမှာ လက်စွဲချိုင့်လေးတွေကိုယ်စီနှင့် ဆိုင်ထဲဝင်သွားကြ၏။ ပြီးတော့ပြန်ထွက်လာကြ၏။ လူတယောက်မဟုတ် ၊ နှစ်ယောက်မဟုတ် ၊ သုံးယောက်မဟုတ်။ ထူးဆန်းလှသဖြင့် ထိုဆိုင်အနီးသို့သွား၍ စူးစမ်းမိသည်။ ဖတ်လိုက်ရသောဆိုင်ဘုတ်ကြောင့် ကျွန်တော်အသက်ရှူမှားမတတ်ဖြစ်သွား၏။ ဟုတ်ပါ့မလား.... သေချာအောင်နောက်တခေါက် ပြန်ဖတ်မိသည်။ "သေချာပါတယ်.... ဒါ "ထမင်းရည်"ရောင်းနေတာပါ။ ဘယ်လိုတွေဖြစ်နေကြပြီတုန်း....... လူတွေထမင်းမစားနိုင်ကြတော့လို့ ထမင်းရည်တောင် ဝယ်သောက်နေကြရပြီ။ ဒါဆို ထမင်းရည်တောင် မသောက်နိုင်တဲ့လူတွေလည်းရှိမှာပဲ".....တွေးရင်း ၊ တွေးရင်း ...ကျွန်တော် စိတ်ထိခိုက်လွန်း၍ မျက်ရည်ကျမိသည်။

ဆန်တကယ်ဝေသောအခါ လာလိုက်ကြသည့်လူတွေမှမနည်း.... ထိုအထဲမှ ကလေးငယ်မလေးတစ်ယောက်ကို လက်ဆွဲလာသည့် အမယ်အိုကြီးတယောက် ဆန်လာယူ၏။ ဆန်ယူရင်းနှင့် သူ၏မြေးမလေးကို "သမီးလေး... မငိုနဲ့တော့နော်.... အဘွားတို့ဒီနေ့ထမင်းစားရတော့မယ်နော်" တဲ့။ ကျွန်တော်ဘယ်လိုမှမချုပ်ထားနိုင်တော့ပါဘူး။ ပြီးတော့မြေးမလေးက ကျွန်တော့်ကို "ဦးဦး ... သမီးတို့ကို ဒီလိုမျိုး နေ့တိုင်း ဆန်ဝေမှာလားဟင်" တဲ့ ...

အဲသည်နေ့က ဆန် (၁၅) တင်းကုန်ပါသည်။ တွေးစရာများလည်းရခဲ့သည်။ စနစ်ဆိုးရဲ့သားကောင်များပါ။ ကျွန်တော် ဆုံးဖြတ်ချက်တခု ချလိုက်မိသည်။

ထိုနေ့ညက ကျွန်တော် အိပ်မပျော်ခဲ့ပါ။ ။








Summary

Rest of your post

အကျဉ်းစံ

ငအောင်
အလင်းရောင်..... တခါမြင်ရပြန်ပြီ
လှစ်ကနဲတွေ့လိုက်ရတဲ့ ငှက်တအုပ်
ခွပ်ဒေါင်းနီတွေများလား ......
မဟုတ်သေးဘူး ...... သူတို့မလာကြသေးဘူး.....
နောက်ကျလိမ့်မယ်ထင်ရဲ့
မနက်ဖြန်တွေလည်းရှိပါသေးတယ်လေ။

ခြေရင်းက အစာခွက်......
ပုရွက်ဆိတ်တွေတောင်အစာတောင်းနေကြပြီ
ငါ့မျက်နှာကိုမော့မကြည့်ကြပါနဲ့
မင်းတို့အတွက်လည်း မနက်ဖြန်ဆိုတာ ရှိပါသေးတယ်ကွ
ရှာစရာရှိတာသာရှာ
ထမင်းတလုံးရဖို့.....
မင်းတို့ ငါ့လောက် ရင်းသင့်ရင် ရင်းရဲရမှာပေါ့။

ငါ့အတွက်ကတော့ ဖြစ်တတ်ပါတယ်ကွာ
အရင်းအနှီးကမသေးဘူး
ငါ့အဖေ၊ ငါ့အမေ၊ ငါ့ဆွေမျိုး၊ သူငယ်ချင်းတွေ
ပြီးတော့ငါ့လူမျိုး.....
သနားသံ၊ ဂုဏ်ယူသံ၊ အပြစ်တင်သံတွေ
ငိုကြွေးသံ၊ ဟစ်အော်သံ၊ သေနတ်သံတွေ
ပြီးတော့.....ပေတရာပေါ်က သွေးစက်များရဲ့ရှိုက်သံ
ဟာ...... အကုန်လုံး ရှိနေတုန်းပဲ
လွပ်လပ်မှူကို ဖိနှိပ်မှူအောက်မှာ ရင်းထားတယ်
တရားမှုရဖို့ မတရားမှုကို ရင်ဆိုင်နေတာပါ
စနစ်ဆိုတာလည်း သင်္ခါရကို မတော်လှန်နိုင်ပါဘူး
နောင်တမရဘဲ ဆယ်ခါပြန်စတေးဝံ့ပါတယ်
သွေးချင်းတူရင်လက်ခုပ်တီးပါ

အပမ်းမကြီးရင် ဆုတော့တောင်းပေးကြပါ
ကျွန်တော်သေရင် သရဏဂုံမတင်ကြပါနဲ့ဦး
ဒီတိုက်ပွဲဆုံးအောင်တိုက်ပါရစေ.....
ဘဝများအတွက် ဘဝလေးတခုမရင်းသင့်ဘူးလား
ကျွန်တော့်ကိုသနားရင် နောက်မဆုတ်ကြပါနဲ့ဗျာ
အလင်းတန်းတွေနဲ့အတူ ခွပ်ဒေါင်းနီလေးပျံလာတော့မှာပါ
"live for nothing, die for something" တဲ့
တကယ်တော့သေခြင်းဆိုတာ ရှင်သန်ခြင်းလောက် ဒုက္ခမများပါဘူး......
ခင်ဗျားမြင်ချင်ရင် ကြည့်စရာတွေအများကြီးပါ
လက်ခုပ်လေးတခါလောက်ဖြစ်ဖြစ်တီးပြီး
ခွပ်ဒေါင်းနီလေးကို မာန်သွင်းပေးလိုက်ကြစမ်းပါဗျာ။ ။




Summary

Rest of your post

Wednesday, February 6

အရူး

နီယော်ဓာ
ခရီးမိုင်နှင်၊
ရထားထင်၍
သွားပင်သော်ငြား ရဟတ်ချား။ ။



Summary

Rest of your post



Tuesday, February 5

သွေးကြွေး

ငအောင်
မြေပုံကြားမှ အသက်များအတွက် ကျွန်ုပ်တို့ဂုဏ်ယူပါ၏။
နံရံကြားမှ ဘဝများအတွက် ကျွန်ုပ်တို့ဂုဏ်ယူပါ၏။
တောတောင်ကြားမှ အိပ်မက်ဆိးုများအတွက် ကျွန်ုပ်တို့ဂုဏ်ယူပါ၏။

မြေကြီးပေါ်တွင် သူတို့၏သွေးများ နီနေပါသေးသည်။
လေထုထဲတွင် သူတို့၏ဟစ်ကြွေးသံများ မြည်နေပါသေးသည်။
ရေပြင်ထဲတွင် သူတို့၏မျက်ရည်များ စီးနေပါသေးသည်။

ထိုမြေကြီးကို သင်......... နင်းရက်ပါသလား....
ထိုလေထုကို သင်......... ရှူရှိုက်ရဲပါသလား....
ထိုရေကို သင်......... သောက်မျိုဝံ့ပါသလား....

ပြည်သူတချက်တတိုင်း သူတို့မျက်ရည်တပေါက်ကျ၏
အသည်းဆတ်ဆတ်ခုန်၏။

တချိန်တွင်...........
ထိုဝိဥာဉ်များ၊ဘဝများနှင့် အိပ်မက်ဆိးုများတို့သည် သံသရာတကွေ့ပြန်လည်ဆုံ၍
မဟာပထဝီမြေကြီး တုန်ဟီးမြည်ကာ
နေလစုံညီ ပေါ်ထွက်ပါလိမ့်ဦးမည်။ ။

Summary

Rest of your post



ချုပ်ရိုးသီခြင်းနှင့် မေတ္တာသီလ

စောမာန် (မန္တလေး )
သားရယ် မင်းမလဲဒုက္ခ
အသက်ထွက်လု

သွေးစုအိုင်လို့
အရိုးသွင်ကျိုး...

မင်းအမေပေးတဲ့ မျက်နှာကလေးပေါ်
အယောက်နှစ်ဆယ်ကျော်
ဖိနပ်တွေနဲ့ ခုန်ဆောင့်
တိုင်းတပါးက လမ်းကြားမှောင်ထဲ...
မင်းအသားအရောင် သူတို့နဲ့ကွဲလို့

သေစေချင်တာ ခံရသတဲ့

သူတို့မလဲ ဒုက္ခ
နာဇီဗိုင်းရပ်စ် ဦးနှောက်ကို ကိုက်ဖြတ်

အမိမနိုင် အဖမနိုင်
တိုလှတဲ့ဘဝ
ချစ်ခြင်းနဲ့မေတ္တာမသိ
ကိုယ်စားပြု လူမျိုးမရှိ
ကြောင်တောင်တောင် အတွေးမှိုင်းတွေပိလို့
အသားအရောင်ထက် အရေးကြီးအံ့ဖွယ်တွေ လောကထဲ ရှိတာမသိ
ဝက်ရူပျံတာထက် ဆိုး
ဒီလူမမာတွေကို
အမျိုးစွဲ အမျိုးခွဲ ရောဂါစင်ရအောင်
ဘယ်လိုဂရုဏာမျိုးတွေနဲ့ထွေးပွေ့ ကုသပေးရပါ့။

မေတ္တာဝါဒဟာ ဒီလောက်ကြီးကျယ်သတဲ့လား

အဘ ဂန္ဓီကြီးရေ..
ရဲရင့်သူသာ မေတ္တာဝါဒီ ဖြစ်နိုင်သတဲ့
သူရဲဘောကြောင်တဲ့ လူ့နလဗိန္နလေးတွေကို
ကမ္ဘာက ဝိုင်းဝန်းလို့
မေတ္တာဆေးတိုက်ကျွေး
ဂရုဏာလက်တွေနဲ့
စိတ်ကျန်းမာသန်စွမ်းရေး
ပျိုးထောင်ပေးနိုင်ကြပါစေ။


စက်တင်ဘာလ ၁၆ရက်၊ ၂၀၀၅၊ ည ၁၁နာရီတွင် လန်ဒန်မြို့၌ မပြီးသေးသော လူမျိုးရေးခွဲခြားမှု အမုန်းစိတ်ဖြင့် လူအရောက်၂၀ကျော်၏ ရိုက်နှက်ခြင်းကိုခံရရှာသော ဗမာလူငယ်လေး ၃ဦးအကြောင်းကြားမိရာမှ ကမ္ဘာလောကအတွက် စိတ်မကောင်းကြီးစွာ ဖြစ်မိသောကြောင့် ရေးစပ်ပါသည်။ မိမိရင်သွေးတို့အား လုံခြုံမှုငြိမ်းချမ်းမှုပေးစွမ်းနိုင်သော ဗမာနိုင်ငံတော်သစ်ဆီ အမြန်ဆုံးအရောက်လှမ်းကြရမည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာလ သစ္စာ တော်လှန်ရေးမဂ္ဂဇင်း အမှတ် ၇

Summary

Rest of your post


Saturday, February 2

မေမေ့အတွက်

သျှင်နေ၀င်းဇော်

မေမေ့အတွက်

အရင်လို.. နှင်းဆီပန်းဝါတွေ မရှိဘူး…

ခရမ်းရောင် နှင်းဆီလေးတပွင့်တော့ ပန်ထားတယ်..

ပန်းချီကားတွေလဲ ခပ်ဖန်ဖန်မြေ၀ါရောင်တွေချည်း မဟုတ်တော့ဘူး..
အရက်ပုလင်းတွေလဲ ဘီရိုထဲမှာ ဒီအတိုင်းဘဲ
ဆေးလဲ မှန်မှန်သောက်တယ်…
လိုချင်တာတွေလဲ သိပ်မများတော့ မာနပိုကြီးလာတယ်ထင်တယ်..

ညဆိုအိပ်တယ်…


ဟိုအရင်ကလို မဟုတ်တော့ဘူးလို့.. မေမေတွေးနေသလား..
ဒီနေ့…..မေ့မေ့ကို သမီး စင်ဒရဲလားလေး ဖြစ်ချင်တယ်ဆိုတဲ့အကြောင်း….
ပြောရင်း….နှုတ်ဆက်မလို့ပါ……အချစ်ကအရေးကြီးတယ်ဆိုတော့..


တခုဘဲ …
မေမေနဲ့ကဗျာတွေလေ... မပြောင်းဘူး…


ဒီနေ့… မေ့မေ့လက်ရေးလေးတွေ အငွေ့ပျံပြီး…
တိမ်ညွန့်တွေ ဖြစ်သွားထင်ပ…
ကောင်းကင်တခုလုံး ကာရံတွေချည်းပဲ...

မေမေ့အတွက်..



Summary

Rest of your post