Monday, November 30

အမေရိကန်မလေး လက်အုပ်ချီတတ်သွားပြီ

လူထုစိန်ဝင်း

နိုဝင်ဘာ ၂၉ရက် လူထုဒေါ်အမာ မွေးနေ့အမှတ်တရ


နိုဝင်ဘာ ၂၈ ရက် ညနေခင်း မန္တလေးမြို့။
အပြင်ထွက်လာရာက ဒေါ်ဒေါ်လူထု ဒေါ်အမာ ခေတ္တနေထိုင်ရာ ၃၂လမ်း သမီးကြီးဒေါက်တာသန်းရင်မာရဲ့ အိမ်ရှေ့ကားထိုးရပ်လိုက်တော့ အိမ်ပေါက်ဝမှာ အထုတ်အပိုးကိုယ်စီနဲ့ လူဆယ့်လေးငါးယောက်အစုဝေးကိုတွေ့လိုက်ရတယ်။ အမှတ်တမဲ့ဆိုတော့ ဘာတွေဘာလိမ့်လို့တအံ့တသြဖြစ်သွားတယ်။ သူတို့အထဲဝင်သွားပြီးမှ နောက်ကလိုက်ဝင်သွားတော့ ပိုပြီးအံ့သြစရာ မြင်ကွင်းကို တွေ့ရတယ်။

အိမ်ထဲဝင်သွားသူတွေအားလုံး သမံတလင်းပေါ် ဆောင့်ကြောင့်ကလေးတွေထိုင်ပြီး ဒေါ်ဒေါ့်ကို ကန်တော့နေကြတာတွေ့လိုက်ရတယ်။ ဒီတော့မှ အဝေးကလာကြတဲ့စာသမားတွေပါလားလို့ သိလိုက်ရတယ်။ အတူလိုက်ပါတဲ့ နိုင်ငံခြားသူကလေး ၂ဦးက ဘာလုပ်နေတာလဲလို့ မေးချင်ဟန်မျက်လုံးလေးတွေ အ၀ိုင်းသားနဲ့စိုက်ကြည့်နေကြတယ်။ နယ်ကအခုပဲ ရောက်လို့ အဝေးပြေးကားပေါ်က ဆင်းဆင်းခြင်းလာပြီးနှုတ်ဆက်ကြတာလို့ ပြောပြရတယ်။ ကလေးမနှစ်ယောက်က ဒေါ်ဒေါ့်အကြောင်းတွေ ကြားဖူးပြီးသားမို့ ချက်ချင်းသဘော ပေါက်နားလည်သွားကြတယ်။

သူတို့နားမလည်နိုင်လောက်အောင် တအံ့တသြဖြစ်သွားရတာက နောက်တနေ့နိုဝင်ဘာ၂၉ရက်နေ့ပါ။ တောင်သမန်အင်းစောင်းက တောင်လေးလုံးကျောင်းတိုက်ထဲမှာ တထောင်ထက်မနည်းတဲ့လူတွေ ရုံးစုရုံးစုနဲ့ ဖြစ်နေကြတာတွေ့လိုက်ရတော့ ဘယ်လိုမှမယုံနိုင်လောက်အောင် အံ့အားသင့်သွားကြတယ်။ ဒီကလေးမ နှစ်ယောက်အပြင် ဒီမွေးနေ့ပွဲတက်ဖို့ ဘယ်ဂျီယံနိုင်ငံကရောက်လာကြတဲ့ နိုင်ငံခြားသား မောင်နှမနှစ်ယောက်လည်း ပါသေးတယ်။ သူတို့လေးယောက်စလုံးအံ့သြကြလွန်းလို့ အံ့ရော အံ့ရောလို့ နှုတ်ကတဖွဖွ ရွတ်နေကြတယ်။ စင်္ကာပူမှာ မဟာဝိဇ္ဇာတန်းတက်ရင်း ရန်ကုန်ရောက်လာတဲ့ ကိုးရီးယားမလေးကလွဲရင် ကျန်သုံးယောက်မှာ တယောက်က အမေရိကန်မှာနေကြတဲ့ အနောက်နိုင်ငံသားတွေလေ။

မန္တလေးက စာရေးဆရာမကြီး၊ သတင်းစာဆရာမကြီးလူထုဒေါ်အမာဆိုတဲ့ အမည်ကို နိုင်ငံခြားမှာကတည်းက သူတို့ကြားဖူးနေကြပါတယ်။ ဒါပေမယ့် မြန်မာပြည် တနံတလျားက လူကြီး လူငယ်ယောကျာ်းမိန်းမတွေခုလောက်အများကြီး စုဝေးရောက်ရှိလာကြလိမ့်မယ်လို့ တွေးထင်မထားမိကြဘူး။ လူတွေကို ဓါတ်ပုံလိုက်ရိုက်ကြ၊ စကားလိုက်ပြောကြနဲ့ သူတို့လည်းပျော်နေကြလေရဲ့။ အမေရိကန်မလေးနဲ့ ကိုးရီးယားမလေးဆို ဦးပိန်တံတားကြီးပေါ်သွား လမ်းလျှောက်ပါလားလို့ အဖော်နဲ့လွှတ်လိုက်တာတောင်တံတားထိပ်က ရပ်ကြည့်ရုံကြည့်ပြီး ချက်ချင်းပြန်လှည့်လာကြတယ်။ မွေးနေ့ ပွဲလာတဲ့လူတွေက တံတားကြီးထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်တဲ့။ စာရေးဆရာ၊ စာရေးဆရာမလေးတွေနဲ့ မိတ်ဆက်စကားတွေပြောကြ၊ ဓါတ်ပုံတွဲရိုက်ကြနဲ့ ဖျာခင်းပြီးစားပွဲဝိုင်းမှာကျွေးတဲ့ နာမည်ကျော် တောင်လေးလုံး ထမင်းဟင်းများကိုလည်း မြိန်ရေရှက်ရည်စားကြသေးတယ်လေ။

နိုင်ငံခြားသား ၄ယောက်စလုံး တညီတညွတ်တည်း မေးကြတဲ့မေးခွန်းကတော့ ဒီစာရေးဆရာမကြီးကို ဘာကြောင့်လူတွေ ဒီလောက်ချစ်ခင်လေးစားနေကြတာလဲဆိုတာဖြစ်တယ်။ နိုင်ငံခြားသားတွေသာ မဟုတ်ပါဘူး။ တချို့ မြန်မာလူမျိုးတွေလည်း ဒီအချက်ကို နားမလည်နိုင်အောင် ဖြစ်ကြပါတယ်။ ၀ါဒစွဲတခုအခံရှိတာကြောင့် ၀ါဒတူတွေအချင်းချင်းက ၀ိုင်းမြှောက်နေကြတာလား၊ ဒါမဟုတ်ပါဘူး။ ဆရာမကြီးရဲ့ မွေးနေ့အခန်းအနားကို နှစ်စဉ်မပျက်မကွက် တက်ရောက်လာကြသူတွေဟာ အယူဝါဒမျိုးစုံ နောက်ခံရှိသူတွေပါ။ တို့ဗမာ အစည်းအရုံးခေတ်က သခင်လက်ဟောင်းကြီးတွေ ပါသလို၊ နယ်ချဲ့နဲ့ဖက်ဆစ်ဆန့်ကျင်ရေးကာလက မိတ်ဟောင်းဆွေဟောင်းတွေလည်း ပါပါတယ်။ တခေတ်တခါက ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ဘူးသူတွေပါသလို၊ ဖဆပလ တည်မြဲသန့်ရှင်းဟောင်းတွေလည်းပါပါတယ်။ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတွေလည်း တက်ရောက်သလို အင်္ဂလီကန်ဂိုဏ်းသာသနာပိုင်ဆရာတော် အင်ဒရူးမြဟန်လည်း တက်လေ့ရှိပါတယ်။

အရောင်အသွေးကြောင့် မဟုတ်ဘူးဆိုတော့ ငွေကြေးကြောင့်လား၊ သြဇာအာဏာနောက်ခံကောင်းလို့လား။ ဒါတွေလည်း မဟုတ်ပါဘူး။ ခုခေတ်မဆိုထားနဲ့ ဟိုဘက်တခေတ်က မန္တလေးမှာတောင် သူဌေးသူကြွယ်စာရင်းဝင် မဖြစ်ခဲ့ပါဘူး။ အာဏာနောက်ခံဆိုတာလည်း ဘယ်တုန်းကမှ မရှိခဲ့ဖူးရုံမက၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ မဆလခေတ် စတဲ့ခေတ်အဆက်ဆက်တွေမှာ အညိုညင်ခံရတဲ့ ဘက်ကချည့်ရှိခဲ့တာပါ။

ဒါဖြင့်ရင် ဘာ့ကြောင့်လဲ။

နှလုံးလှလို့ပါလို့ တိုတိုပြောပါမယ်။ ဒီဆရာမကြီးရဲ့ ဘ၀သက်တမ်းတလျှောက်ကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ဒီအချက်ကိုထင်ထင်ရှားရှားတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဘယ်ခေတ်ဘယ်အခါရောက်ရောက် ဆရာမကြီးနဲ့ သူ့ကလောင်ဟာ မျက်နှာမွဲများ (underdogs)ဖက်ကချည့် မားမားမတ်မတ်ရပ်လာခဲ့တာပါ။ ကိုယ့်သတင်းစာနဲ့ ကိုယ့်မိသားစု အကြိမ်ကြိမ်အခါခါ ဘေးရန်တွေကပ်ငြိခဲ့လည်း ဒီရပ်တည်ချက်ကို ပြောင်းပြစ်ပြီးခေတ်ရေစီးကြောင်းနဲ့ လိုက်လျောညီထွေ မကျင့်ကြံခဲ့ပါဘူး။ ဒီအတွက်တန်ဘိုးတွေလည်း အများကြီးပေးခဲ့ရတာပါ။

ဒီဆရာမကြီးကို နာမည်နဲ့လိုက်အောင် စိတ်ဓါတ်မာကျောတယ်လို့ အထင်ရောက်ကြပါတယ်။ ဒါမမှန်ပါဘူး။ တကယ်ဆရာမကြီးရဲ့စိတ်ဓါတ်ဟာ အင်မတန်သိမ်မွေ့ နူးညံ့ပြော့ပျောင်းပါတယ်။ သူချစ်တဲ့ မြို့မငြိမ်းအကြောင်း၊ ကျားဘငြိမ်းအကြောင်း၊ ပေါ်ဦးသက်အကြောင်း စတဲ့ရှေးဟောင်းနှောင်းဖြစ်တွေများပြောပြီဆိုရင် မျက်ရည်ကလေးတစမ်းစမ်းနဲ့ပါ။ မြို့မငြိမ်းကွယ်လွန်ပြီးနောက် ရေးလိုက်တဲ့စာတပုဒ်ဟာ မြန်မာစာပေလောကမှာ ပြောစမှတ်ဖြစ်ကျန်ရုံမက ဒေါ်အမာအလွမ်းစာ သိပ်အရေးကောင်းတယ်လို့တောင် နာမည်တွင်သွားတာပါ။

ကိုယ်တွေ့ဖြစ်ရပ်ကလေးတခု ဖောက်သည်ချပါရစေ။ ခြောက်ဆယ်ဦးပိုင်းလောက်က အဖြစ်ကလေးပါ။ လူထုသတင်းစာတိုက်မှာ ကိုယ်ပိုင်ဘလောက်လုပ်ငန်းဌာန ရှိပါတယ်။ တခါမှာ ရန်ကုန်ကပို့လိုက်တဲ့ ဘလောက်ဌာနသုံး အက်စစ်အိုးကြီးတွေ ရောက်လာပါတယ်။ အဲဒီခေတ်က အက်စစ်တွေကို စဥ့်အိုး ( တဆယ်ဝင်)ထဲထည့်၊ ထင်းရူးပုံးကြီးထဲ ကောက်ရိုးတွေခံပြီး သင်းဘောတင်ပါတယ်။ အဲဒီအိုးကြီးတွေကို လူလေးယောက် တုတ်နဲ့ရှိုထမ်းရာမှာ မတော်တဆ လွတ်ကျပြီး “ဗွမ်း” ကနဲကွဲထွက်သွားပါတယ်။ အိုးလွတ်အကျမှာ နောက်ထမ်းတဲ့ဘလောက်ဆရာ ကိုသန်းမောင်က ဒူးထိုးခံလိုက်တာကြောင့် သူ့တကိုယ်လုံး အက်စစ်တွေလောင်ပြီး ထွန့်ထွန့်လူးဖြစ်သွားရှာပါတယ်။ ချက်ချင်းအရေပြားတွေလန်ပြီး ပူရှာလွန်းလို့ စွေ့စွေ့ခုန်နေပါတယ်။ ဆေးရုံပို့ဖို့ ကားစောင့်နေတုန်း အသင့်ရှိတဲ့ လိမ်းဆေးတွေနဲ့ ဒေါ်ဒေါ်က ကိုသန်းမောင်ဘေးမှာ ဆောင့်ကြောင့်ကလေးထိုင်ပြီးလိမ်းပေးပါတယ်။ ဆေးရည်တွေလေင်းချနေရင်းက ဒေါ်ဒေါ်မျက်ရည်တွေစီးကျလာပါတယ်။ သူ့ခြေရင်းမှာ ဆောင့်ကြောင့်ကလေးထိုင်နေတဲ့ ဒေါ်ဒေါ့်ကို အက်စစ်လောင်သူကပြန်သနားအားနာဖြစ်ပြီး သိပ်ကိစ္စမရှိပါဘူးဒေါ်ဒေါ်ရဲ့၊ ဘာမှမဖြစ်ပါဘူး ဒေါ်ဒေါ်ရဲ့နဲ့၊ ပြန်အားပေးစကားပြောရပါတယ်။ ဒေါ်ဒေါ့်နှလုံးသားက အဲဒီလောက်နူးညံ့တာပါ။

နိုင်ငံခြားသားတွေကတော့ အံ့ရော အံ့ရောလို့ရေရွတ်လို့ မပြီးနိုင်တော့ပါဘူး။ စာရေးဆရာတယောက်ကို ဒါလောက်အထိရိုသေကိုင်းရှိုင်းလေးစားပြီး ရှိခိုးဦးချ လုပ်ကြတာမျိုး သူတို့အနောက်နိုင်ငံတွေမှာ ဘယ်ကြုံဘူးမှာလဲ။ သူတို့ဆီမှာကတော့ ပုဂ္ဂိုလ်တဦးတယောက် ကွယ်လွန်သွားပြီဆိုရင် အလွန်ဆုံးလုပ်လေ့ရှိတာက အဲဒီပုဂ္ဂိုလ်ရဲ့ ရုပ်တုပြုလုပ်ပြီး ပြထားတာလောက်သာ ရှိတာမဟုတ်လား။ ဒါတောင် အဲဒီပုဂ္ဂိုလ်ကို ဂုဏ်ပြုတာထက်၊ ဒီပုဂ္ဂိုလ်မျိုး ဒို့မြို့၊ ဒို့ရွာ၊ ဒို့နိုင်ငံကထွက်တာဟေ့လို့ ၀င့်ကြွားချင်တဲ့စိတ်က ခပ်များများပါ။ တချို့က ဒီပုဂ္ဂိုလ်ကြီးများရဲ့ ပစ္စည်းတွေကို ပြတိုက်လုပ်ပြီး ပြစားကြသေးတယ်လေ။ ကမ္ဘာဟာ ရွာကြီးဖြစ်နေပြီတို့ ဘာတို့ ဘယ်လောက်ပဲ ပြောပြော အရှေ့ဟာအရှေ့၊ အနောက်ဟာ အနောက်ပါပဲ။ သူတော်ကောင်းမကြီး မာသာထရီဇာ အိန္ဒိယမှာ ကွယ်လွန်သွားတော့ အိန္ဒိယတနိုင်ငံလုံး၊ ဟိန္ဒူ မွတ်ဆလင် မကွဲမပြားလာရောက်ငိုယိုကြတာမျိုး ဦးခိုက်ကြတာမျိုး၊ အနောက်နိုင်ငံမှာသာ ကွယ်လွန်ခဲ့ရင် ရှိနိုင်ပါ့မလား။
ကွယ်လွန်သူ မာသာထရီဇာကို သူတော်စင်(စိန့်)အဖြစ်ကြေညာပေးဖို့ ပုပ်ရဟန်းမင်းကြီးကို တကမ္ဘာလုံးရှိ ဘရင်ဂျီဘာသာဝင်တွေက ၀ိုင်းပြီးတောင်းဆိုကြတာတောင်၊ နှစ်ပေါင်းများစွာကြာတဲ့အထိ ကြေညာမပေးခဲ့ပါဘူး။ စည်းမျည်းစည်းကမ်းဆိုတာတွေ ထောက်ပြပြီး၊ အချိန်ဆွဲထားခဲ့ပါတယ်။
ဟိန္ဒူနဲ့မွတ်ဆလင်တွေ အနေများတဲ့ အိန္ဒိယနိုင်ငံကသာ ခွင့်ပေးမယ်ဆိုလို့ကတော့(စိန့်)အဖြစ်တောင်မက နတ်ဘုရားမ (Goddess)အဖြစ်တောင် နေ့ညမဆိုင်း သတ်မှတ်ကြေညာပေးလိမ့်မယ်လို့ ယုံကြည်မိတယ်။

လူ့တန်ဖိုး၊ လူ့တန်ဖိုးနဲ့ ဘယ်လိုပဲအော်နေ အော်နေ၊ လူကို အမှန်တကယ် တန်ဘိုးထားလေးစားတာမျိုး၊ အခုမြန်မာပြည်ရောက်မှ တွေ့ဖူးပါတယ်လို့ အမေရိကန်သတင်းစာမလေးကဆိုပါတယ်။ ဒီအကြောင်းတွေကို အမေရိကန်လူမျိုးတွေသိအောင် အစွမ်းကုန် ကျိုးစားမယ်လို့လည်း ကတိပြုသွားပါတယ်။ ဒီမွေးနေ့ပွဲကို ရောက်အောင်ပို့ပေးတဲ့အတွက် ကျေးဇူးတင်လို့မဆုံးနိုင်တော့ပါဘူးလို့လည်း ပြန်ကာနီး လက်အုပ်ကလေးချီ နှုတ်ဆက်ရင်း တဖွဖွပြောသွားပါတယ်။

ဘာပဲဖြစ်ဖြစ် အမေရိကန်မလေးတယောက်တော့ဖြင့် လက်အုပ်ချီမိုး ရှိခိုးကန်တော့တတ်သွားပါပြီ။

လူထုစိန်ဝင်း
ဒီဇင်ဘာ ၉၊ ၂၀၀၂။
၂၀၀၃ ခု နိုဝင်ဘာလထုတ် မာယာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
...



Type the rest of your post here..