Tuesday, April 28

တန်ခူး တရက် (သို့) ဧပြီ (ရ)

နီယော်ဓာ
နွေပိတောက်ဖူးဝေပေသိ
မြူးစရာ ဘယ်မတွေ့လေဘု
လေစိမ်းဗွေမွှေ့သည်သို့ ဘရာ။

ဒီအားဒီအင် ချိလေတိုင်း
ဖွားမာတာ ရွှေပြည်သူကြီးကိုလှ
တရ အပြန်ပြန်။

ဗျာပါဒထန် ဒေါသနုရင့်မာန်လှိုင်းတွေကြား
ဥာဏ်ကြီးရှင် ဂရုဏာထက်ပါပေ့
ပြည်သစ္စာ မသွေရအောင် ကြိုးရစ်ခဲ့ရှာ။
မိစ္ဆာဟုန် လောင်ပုံ မငြိမ်းနိုင်ဘု
ပညာပါရမီ သန်လှသူမှ ဖြစ်တိုင်းနော် မှန်စွာချင့်နိုင်လိမ့်
သီတာရှင် ဖွားပဏ္ဍိရယ် ဒီမီးကိုတား။

လောကဓံ အဖုန်ဖုန်မှာ
ဟိုဟိုသည် ဘယ်ညာမယိမ်းလေဘု
လူထု ထံမေတ္တာကဲနိုင်လွန်းပါဘိ ပြည့်သတ္တိခဲ။

သက်ငွေ့အိမ်ချုပ်ပျောက်ငြားသော်တိ
ဖွားအမာ နိုင်ငံပြုဆဲရယ်လို့
ကျေးဇူးကို အဖန်ဖန်ဆင်ခြင်ရပါတဲ့
သြချလောက်သည့်ဇွဲ။

၂၀၀၉ခု လူထုဒေါ်အမာ နှစ်လည်သို့ရည်၍ ရိုသေစွာ ရေးဖွဲ့ပါသည်။








Type the rest of your post here..

Tuesday, April 7

အတ္တရုပ်ပုံလွှာပုံကြမ်း

ကြည်အောင်
အမေကမွေး ပေးတဲ့နာမည်
ကြည်လင်။

အပေါင်းအသင်း
သူငယ်ချင်း အဖော် ခေါ်ကြတဲ့နာမည်
ကြည်လင်။

ကြည်လင်ဟာ
လီနင်ရဲ့ကျမ်းပေါင်းစုံကို
ယုံကြည်မြတ်နိုး အသိပျိုးတယ်။

ကြည်လင်ဟာ
ဘုန်းကြီးကျောင်းသား
တက္ကသိုလ်ကျောင်းသား
လုပ်စားကိုင်စား
ပြေးလွှားခဲ့ရ
ဘ၀အလွှာ မျက်နှာပေါင်းစုံ
ဇာတ်ခုံပေါ်မှာ ကခဲ့ရာ…။

ဟော… ခုတော့
ကဗျာဆရာ ကလောင်နာမည်
ကြည်အောင်။

ကြည်အောင်ဟာ
ရီမှောင်ပြာစင် စာရေးဖို့ပြင်လျှင်
ကြည်လင်နဲ့ငြင်းခုံတယ်။
ကြည်အောင်ဟာ
ဟော်လန်ပြည်က ပန်းချီဆရာ
ဗင်ဂိုး
မြန်မာပြည်က ကဗျာဆရာ
တင်မိုးတို့ကို နှစ်ခြိုက်သူ။

ကြည်လင်ဟာ
ရုရှားက
မာယာကော့ဖ်စကီနဲ့ ဂေါ်ကီ
အီတလီက ပန်းချီဆရာ
မိုဒီဂလီယာနီ
မြန်မာပြည်က
ဗန်းမော်တင်အောင်နဲ့ ဇော်ဂျီတို့ကို ဖတ်မှတ်သူ။

ကြည်လင်က
ကြည်အောင်ရဲ့
ကလောင်တလက် ဗားတော့ဗရက်လို
ထက်မြက် ထင်ရှားစေချင်တယ်။

ကြည်လင်က
ကြည်အောင်ရဲ့ ၀ိညာဉ်ထဲ
သခင်ကိုယ်တော်မှိုင်း ပန်းရနံ့
မွှေးပျံ့သင်းကြိုင်စေချင်တယ်။

ကြည်အောင်ဟာ
ကြည်အောင်ရဲ့ရုပ်ပုံလွှာကို
ကဗျာဆရာအဖြစ်ထုလုပ်တယ်။

ကြည်လင်ဟာ
ကြည်လင်ရဲ့ရုပ်ပုံလွှာကို
ကြည်အောင်တို့လို ကဗျာဆရာတွေက
အလေးယူစရာ
ဖြစ်လာစေဖို့ ဆေးတို့ကြည့်တယ်။

ရွှေ… အနီ အပြာ အ၀ါ
ဘာရောင်တွေ ခြယ်မလဲ။
ကြည်အောင်နဲ့ ကြည်လင်တို့ရဲ့
ဝိညာဉ် နှစ်ခုစစ်ခင်း
အတွင်းပဋိပက္ခ အားပြိုင်ကြ။

မာယာကော့ဖ်စကီ
မိုဒီဂလီယာနီ
ဂေါ်ကီ ဇော်ဂျီ
လီနင်
ဗင်ဂိုး တင်မိုး။

သခင်ကိုယ်တော်မှိုင်း
ဗန်းမော်တင်အောင်
ကြည်လင့်ရင်ထဲက …
ထာဝရ အလင်းရောင်။

၁၉၇၉၊ ဒီဇင်ဘာ ၃၀

၂၀၀၄ခု နိုဝင်ဘာလထုတ် သစ္စာတော်လှန်ရေးစာပေမဂ္ဂဇင်း အမှတ်(၃) သစ္စာဂုဏ်ပြုကဗျာကဏ္ဍမှ ကူးယူဖော်ပြပါသည်။

Sunday, April 5

ပိစိဖတ်ဖို့ ကဗျာ

နီယော်ဓာ
ပိရာ..
တရံရောအခါက ဒို့မောင်နှမနှစ်ယောက် ပုံပြင်တွေဟာ
မင်းအကြောင်းတွေကို
ပျော်ရွှင်ကြေကွဲပြ..
မင်းနှလုံးသားလေးကို ငါဒီနေ့စိတ်ကူးပြီးကြည့်တယ်။

မိဝေး ကလေးလေးနေ့ရက်တွေ
အပြုံးမျက်နှာလေးနဲ့ တလွှားလွှားခုန်ကစားခဲ့
အမေ့ရင်ငွေ့လို မထွေးနိုင်ပေမယ့်
ဝရံတာလေးမှာ မင်းဘေးထိုင်ရင်း
ဒုတိယတန်းကျောင်းသားရဲ့ ၀တ္ထုတိုစိတ်ကူးဆန်းတွေအတွက်
မိန်းမော ပိတိဖြာတဲ့ ငါအမာခံ ပရိတ်သတ်တော့ဖြစ်တယ်..
ကိုရင်ကလေးမင်းအတွက်
အိုးဖုတ်နဲ့ ကန်စွန်းရွက်ကြော်ပြီး ကန်စွန်းရွက်ကိုပဲ ချည်ရည်ချက်ကပ်..
ဒကာမကြီးချက်တာပဲ ဘုန်းမယ်ဆိုတော့ ငါကပျော်တယ်..

အမေဝေးသွားတဲ့ ရက်တွေအတွက်
မင်းနဲ့ငါအတူငိုခဲ့ဖူးသလား ငါမမှတ်မိတော့ဘူး..
မင်းက ငါ့ထက်ပို သတ္တိရှိတယ်လို့ ငါအမြဲသိတယ်..
မင်းကို ငါ့အထင်တွေ ပြောပြခဲ့ဖူးသလား ငါမမှတ်မိပြန်ဘူး..

ဆရာစံအကြောင်း၊ ကမူးအကြောင်း၊ ရောနသံ နဲ့ အနုပဋိလောမအကြောင်း
အုန်းလက်ရှည် ကြိုးကြဲကာမှာ သာတဲ့ လရောင်ည
ငါဒီတဘ၀ အဲဒီ ပုံပြင်ဆန်တဲ့ ကွပ်ပျစ်ညကလေးတွေပြန်ရချင်တယ်..

ခေတ်ဆိုးကို ထမ်းပိုးချင်သတဲ့..
မင်းကိုယ်မင်းအရင်ထမ်းပိုးနိုင်ဖို့ ငါတဖွဖွမှာရင်းပဲ..
ငါထားခဲ့ရတယ်..

ထားခဲ့ရာကနေ မင်းထွက်သွားမယ်မှန်း ငါမသိခဲ့ပြန်ဘူး..
ကြယ်မှော်တောထိမျော…
ငါအဲဒီကမ်းပါးရှိရာ အပြေးပြန်ခဲ့တယ်..
မင်းကြားနိုး.. အော်..ငါခေါ်ပါတယ်..
ပိန်းပိတ်မြှုရယ်.. ၀ိုးလွန်းဝါးလွန်းခဲ့..
မင်းကိုနိုးပေးပါ..

ငါ့အသံကို မင်းအမှတ်ရဖို့
ခေတ်ဆိုးဟာ မာန်ဖီပြ
ငါ စိန်ခေါ်ရင်း
ကြိုးဝိုင်းပေါ်မှာ သူတပြန်ငါတပြန်ပေါ့
ငါမင်းအတွက် အောင်နိုင်သူဖြစ်ချင်ပါရဲ့ကွာ..

တရံရောအခါက ပုံပြင်လှလှတွေအတွက်
ဒို့မောင်နှမနှစ်ယောက်ကို အတူအိပ်မောကျခွင့်ပေးပါ..

Saturday, April 4

ခွေးတကောင်

ကြည်အောင်
ကျားသား
စားချင်တဲ့ခွေး။

သစ်ကိုင်းခြောက်
"ဖျောက်"
ကြောက်လန့်လို့ ပြေး။

၁၉၇၀၊ အောက်တိုဘာ -၃၀
ကဗျာဆရာ ကြည်အောင်၏ မိခင်မာရသွန် (ပထမအကြိမ်) ကဗျာစာအုပ်မှ ကူးယူဖော်ပြပါသည်။


Type the rest of your post here..