နီယော်ဓာ
ပိရာ..
တရံရောအခါက ဒို့မောင်နှမနှစ်ယောက် ပုံပြင်တွေဟာ
မင်းအကြောင်းတွေကို
ပျော်ရွှင်ကြေကွဲပြ..
မင်းနှလုံးသားလေးကို ငါဒီနေ့စိတ်ကူးပြီးကြည့်တယ်။
မိဝေး ကလေးလေးနေ့ရက်တွေ
အပြုံးမျက်နှာလေးနဲ့ တလွှားလွှားခုန်ကစားခဲ့
အမေ့ရင်ငွေ့လို မထွေးနိုင်ပေမယ့်
ဝရံတာလေးမှာ မင်းဘေးထိုင်ရင်း
ဒုတိယတန်းကျောင်းသားရဲ့ ၀တ္ထုတိုစိတ်ကူးဆန်းတွေအတွက်
မိန်းမော ပိတိဖြာတဲ့ ငါအမာခံ ပရိတ်သတ်တော့ဖြစ်တယ်..
ကိုရင်ကလေးမင်းအတွက်
အိုးဖုတ်နဲ့ ကန်စွန်းရွက်ကြော်ပြီး ကန်စွန်းရွက်ကိုပဲ ချည်ရည်ချက်ကပ်..
ဒကာမကြီးချက်တာပဲ ဘုန်းမယ်ဆိုတော့ ငါကပျော်တယ်..
အမေဝေးသွားတဲ့ ရက်တွေအတွက်
မင်းနဲ့ငါအတူငိုခဲ့ဖူးသလား ငါမမှတ်မိတော့ဘူး..
မင်းက ငါ့ထက်ပို သတ္တိရှိတယ်လို့ ငါအမြဲသိတယ်..
မင်းကို ငါ့အထင်တွေ ပြောပြခဲ့ဖူးသလား ငါမမှတ်မိပြန်ဘူး..
ဆရာစံအကြောင်း၊ ကမူးအကြောင်း၊ ရောနသံ နဲ့ အနုပဋိလောမအကြောင်း
အုန်းလက်ရှည် ကြိုးကြဲကာမှာ သာတဲ့ လရောင်ည
ငါဒီတဘ၀ အဲဒီ ပုံပြင်ဆန်တဲ့ ကွပ်ပျစ်ညကလေးတွေပြန်ရချင်တယ်..
ခေတ်ဆိုးကို ထမ်းပိုးချင်သတဲ့..
မင်းကိုယ်မင်းအရင်ထမ်းပိုးနိုင်ဖို့ ငါတဖွဖွမှာရင်းပဲ..
ငါထားခဲ့ရတယ်..
ထားခဲ့ရာကနေ မင်းထွက်သွားမယ်မှန်း ငါမသိခဲ့ပြန်ဘူး..
ကြယ်မှော်တောထိမျော…
ငါအဲဒီကမ်းပါးရှိရာ အပြေးပြန်ခဲ့တယ်..
မင်းကြားနိုး.. အော်..ငါခေါ်ပါတယ်..
ပိန်းပိတ်မြှုရယ်.. ၀ိုးလွန်းဝါးလွန်းခဲ့..
မင်းကိုနိုးပေးပါ..
ငါ့အသံကို မင်းအမှတ်ရဖို့
ခေတ်ဆိုးဟာ မာန်ဖီပြ
ငါ စိန်ခေါ်ရင်း
ကြိုးဝိုင်းပေါ်မှာ သူတပြန်ငါတပြန်ပေါ့
ငါမင်းအတွက် အောင်နိုင်သူဖြစ်ချင်ပါရဲ့ကွာ..
တရံရောအခါက ပုံပြင်လှလှတွေအတွက်
ဒို့မောင်နှမနှစ်ယောက်ကို အတူအိပ်မောကျခွင့်ပေးပါ..
No comments:
Post a Comment