Sunday, March 30

တကယ့်ခရီး

နီယော်ဓာ
တွေးခေါ်မြော်မြင်မှု တိမ်အိုရိုင်းတွေ၊
အိမ်ဝေး သွေးခြေဥ ခြုံထည်ကြမ်းတွေ၊
ခြိမ်းခြောက်မှုသော့တံကြီးကြီးနဲ့
အသေခတ်ပိတ်ပစ်ထားတဲ့ နေသာထိုင်သာရှိမှု ဘာသာတရားတွေ..
ဝိဉာဉ်ထိနှောင်ရင်း ပျော်ကျစီးထန်း။

သွေးစင်ညတွေမှာ အိပ်ပျော်တတ်ပါမှ၊
အော်ဟစ်ခြောက်ခြားရမှုတွေမှာ ဖွဲ့သီတတ်ပါမှ၊
ဟိုဒီဘယ်ဆီမရေရာတော့တဲ့ နံရံတွေကြားမှာ လုံခြုံတတ်ပါမှ၊
ကူးစက်ပိုးတွေလှိုင်နေတဲ့ရာသီဆိုးမှာ အိပ်မက်သက်လုံမွေးတတ်ပါမှ..

စမ်းကြည့်လိုက်တော့..
အိပ်ကပ်ထဲက နေ့တွေဟာ..
မိုင်တိုင်တွေအားလုံးအတွက်..မလောက်သလိုပဲ။

ရေကြည်စီးရာ ငါးစုံမြှူးရာသို့..

ခြေတလှမ်းတိုင်း ခရီးတွင်တယ်။
၂၀၀၈ခု မတ်လ ၂၈ ရက် နေ့ခင်း ၃ နာရီ


Summary

Rest of your post



Tuesday, March 4

ဒို့တိုင်းပြည်

ဇော်ဂျီ
ထလော့မြန်မာ၊ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ၊ ဒို့ရွာမြေဝယ်
စေတီ စပါး၊ များလည်း များ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ၊ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာ ထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းစောင်ကြလေ၊ ဆောင်ကြလေလော့

ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ့ ပန်း၍
တဝမ်းတစိတ် ညီစေသတည်း။ ။
၁၉၃၅ ခုနှစ် သြဂုတ်လ ကြီးပွားရေး အတွဲ - ၃၊ အမှတ် - ၁၁

Summary

Rest of your post