Thursday, April 23

ဆေးရုံ

တာကောဒီ

(၁)
ရာဇဝင်လို အိုမင်းတဲ့ တောင်ပူစာ တလုံးရဲ့ နဘေးမှာ
ရေမစီးတဲ့ ခဲခြစ်ကောက်ကြောင်းရှိတယ်
အဲဒီနံဘေးမှာ အဖုံးမပါတဲ့ မှော်သေတ္တာတလုံးရှိတယ်
မှော်သေတ္တာထဲမှာ . . . ကြယ်ရောင်တွေကို မြှုပ်ထားတယ်
ဝတ်စုံပြည့် သတို့သမီးတွေကို မြှုပ်ထားတယ်
ခြေတဖက်ကျိုးနေတဲ့ အနာဂတ်ကို မြှုပ်ထားတယ်
ဒိုမိနစ်လာပီယဲရဲ့ “သုခမြို့တော်” မြှုပ်ထားတယ်
မှော်သေတ္တာထဲမှာ ကမ္ဘာကြီးအတွက်
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပန်းချီကား ချန်ထားရစ်တဲ့ ကိုချိုကြီးကို မြှုပ်ထားတယ်
တန့်ဆည်သပိတ်က ကိုချိုထွန်းကို မြှုပ်ထားတယ်
သတင်းထောက်ကြီး ဦးကျော်ညွန့်ကို မြှုပ်ထားတယ်
ရွှေကူသပိတ်က ဦးကိုလေးကို မြှုပ်ထားတယ် . . . . . . . .
မြှုပ်ထားတယ် . . မြှုပ်ထားတယ် . . . .
မှော်သေတ္တာထဲမှာ လူသေတွေထုတ်လုပ်တဲ့ ဆေးရုံ တစ်ရုံ မြှုပ်ထားတယ် 

(၂)
သင်္ချိုင်းမြေမှာ တည်ခဲ့လို့များလားမသိ
ဆေးရုံဟာ အစားကြူးလွန်းလှတယ်
ရှေ့တည့်တည့်က လှမ်းကြည့်ရင်
လူခေါင်းခွံပေါ် နာဇီစစ်ခမောက်ဆောင်းထားသလိုမျိုး
အမိုးခုံးခုံးတို့ ကုန်းရုံးထ
ပြတင်းပေါက်တွေက ဟောက်ပက်ပက် မျက်တွင်းတွေ
တံခါးမကြီးက . . အစွမ်းကုန်ဟထားတဲ့ ပါးစပ်ပေါက်
နီရင့်ရင့် သံတိုင်တွေက သွေးအလူးလူး စွယ်သွားတွေနဲ့ . .တူ . .တူ . .နေချေသေးတော့
အပေါ်ထပ်က လှမ်းကြည့်ရင်
စိမ်းစိုလယ်ကွင်း . . မှိုင်းညို့တောအုပ် ခြေတံရှည်တဲစု
ဗျိုင်းဖြူတကောင်နှစ်ကောင်ကြဲပက်ထား
နွားတချို့မြက်စား အေးအေးလူလူ
ဒီ . . သက်ငြိမ် ပန်းချီကားချက်
ညနေ . . ညနေ . . မှုံငေး
မျက်လုံးတွေနဲ့ လှမ်းပွေ့ဖက်ကြ
အိမ်ရာရဲ့ရနံ့ကို စိတ်ကူးနဲ့ လွမ်းရှိုက်ကြ
ရဲဘက်စခန်း မပြန်ချင်လို့
ဒီနေရာကနေ ခုန်ချ အသေခံသွားသူတွေ ရှိခဲ့တယ်
ခါးလျားရှည် လှေကားနှစ်စင်းဟာ သူ့အပေါ်နင်းဖြတ်သွားသူတွေလို
အိုမင်း . . ချိနဲ့
တကျိုးကျိုး တကျွတ်ကျွတ် ညည်းညူ
အပေါ်ထပ်နှင့်အောက်ထပ်ကို အလျားမှောက် ဆက်သွယ်ထားတယ်
အောက်ထပ်မှာ . . အနံ့တလှောင်းလှောင်း . . မှောင်အိုက်အိုက်
မာသာထရီဆာနဲ့ လူထုဒေါ်အမာ သိမသွားရှာတဲ့ ခေါင်းတလားလိုမျိုး ရှည်မျောမျော အခန်းတစ်ခန်းရှိတယ် အဲသမှာ . . သေအံ့မူးမူး လူနာတွေ တွား . . တွား . .တက်လာတဲ့
ဆင်သင်္ချိုင်းလို့ခေါ်တဲ့ ကွပ်ပျစ်တလုံးရှိတယ် . .
အဲသမှာ . . အခင်းမရှိ . . စောင်မရှိ
ရက်စက်တဲ့ လာနီညာ ဆောင်းညများ ရိုးတွင်းချဉ်ဆီဖေါက် . .ကိုက်ခွဲ
ယမ်းနံ့စွဲ သစ်ရွက်ကြွေတွေလို
လူ့အဖွဲ့အစည်းရဲ့အံဖတ်တွေ . . .
နေ့စဉ် . . ညစဉ် . . တဖြုတ်ဖြုတ်ကြွေ . . .
အဲသမှာ . . နိုင်ငံရေးအကျဉ်းသား ဆေးဖက်ပညာသည်တွေ ဆေးကုပေးခဲ့ကြတယ် .
ဆရာသင်း ဆေးကုပေးခဲ့တယ်
ဆရာဝင်းအောင် ဆေးကုပေးခဲ့တယ်
ဆရာစိုးမြင့် ဆေးကုပေးခဲ့တယ်
ဆရာခင်မောင်ဆွေ ဆေးကုပေးခဲ့တယ် . . .
အဲသမှာ . . အကြောင်းထူးမရှိ . . ကောင်းဗျား တဲ့
အခွင့်အရေးကို ဆေးစွဲသလိုစွဲနေသူတစ်ယောက်
သံကြောင်ဟစ်ကြေညာနေတုန်း
ဖင်စီဒိုင်း တခါသာသယ်ရောင်းဘူးတဲ့
ကလေးမြို့က . . ရှစ်တန်းကျောင်းသားလေး “မောင်မောင်လတ်”
သွေးပွက်ပွက်ထိုးအံ . . လဲကျသေရှာ
ပိတောက်လမ်းသီချင်း အဆိုကောင်းတဲ့ အိမ်ခြေရာခြေမဲ့ . .
သာတီဖိုက် မောင်ကို အသက်ငင် . . နေရှာ . .
ဒါဟာ ဒီနေရာမှာတော့  အကြောင်းထူးမဟုတ်ခြေဘူး
 ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးအစီရင်ခံစာထဲမှာ . .
စာကြောင်းတကြောင်းအဖြစ် ပါမပါတော့မသိ . .
မနက်လင်းရင် ခရမ်းခင်းထဲ ပစ်ထည့်ထားမယ့်
ဖျာလိပ်ခေါင်းထဲမှာ ခြေလေးချောင်း ရှိနေမှာသေချာ . . ။

ဆေးရုံဟာ
အခင်းအကျင်းတွေ 
အတင်းအဖျင်းတွေ
အတင်းအဖျင်းတွေနဲ့
အသက်မရှူတော့တဲ့ “ဆောင်ပုဒ်” တွေကို ဝတ်ဆင်ထားတယ် . . .
ဆေးရုံရဲ့ . . သွေးခုန်သံတွေမှာတော့ . . .
မင်းတို့အကျဉ်းသားတွေဟာ
ငါ့မိန်းမ ပစ္စည်းလောက်မှ တန်ဘိုးမရှိတဲ့ . .
မတ္တရာက . . လာဘ်စား အလုပ်ပြုတ် ထောင်မှူး တင်မော်ရဲ့ “အကြွား”
မင်းတို့ အကျဉ်းသား (၁) ယောက်သေရင် (၁၀၀) လာမယ်
(၁၀၀) သေရင် . . (၁,၀၀၀) လာမယ်တဲ့
နမ့်ဆန်ထောင်ပိုင် ဗိုလ်ကြီးစိုးအောင်ရဲ့ “စကား”
ထောင်ဝက်တကောင်သေရင် . . . စာရွက် (၃)ရွက် ကုန်တယ် . .
မင်းတို့အကျဉ်းသား တယောက်သေရင် စာရွက်တရွက်ဘဲကုန်မတဲ့ . .
ညွှန်ကြားရေးမှူး . .ဗိုလ်မှုးဘမှန်ရဲ့ တရား
ဒီ . . ငရဲကောင်တွေရဲ့ .
စကြာတံဆိပ် ဝိညာဉ်တွေ . . ပူးကပ်စွဲဝင်နေတယ် . .
ဘော်ဒါတေဝါးမယ်ဟေ့ . . . ရေချိုးတန်းစီမယ်ဟေ့ . . .
အော်သံစူးစူးရဲ့ လက်များက ကန့်လန့်ကာကိုဆွဲဖွင့်လိုက်တော့ . . . ။
အရောင်လွင့်နေတဲ့ သူတို့ဘဝလိုမျိုး . . .
မျက်နှာတွေ . .
မျက်နှာတွေ . .
မှိန်ဖျော့ ပိန်ချိုင့်မျက်တွင်း ဟောက်တွေထဲ
ခြေချော်ကျ မျက်လုံးတွေမှာ . .
ပြာကျအိပ်မက်တွေ ချိတ်ဆွဲလို့ . .
အသက်ရှူနေတဲ့ . . လူသေကောင်တွေစီတန်း လှည့်လာကြ . . .
တချို့ဝတ်လစ်စားလစ်
တချို့အောက်ပိုင်း ဗလာ . .
ဒါနာဇီအကျဉ်းစခန်း အော့ဇဝစ်မဟုတ်
ရှင်ဒဲလား စာရင်း ရုပ်ရှင်မဟုတ်
အီသီယိုပီးယားမဟုတ် မဟုတ် . .
မဟုတ် . .
မဟုတ် . .
ခပ်တဲတဲတေ့ဆက်ထားတဲ့ ဖဲထီးသံကိုင်းနံရိုးတွေ
ပုလွေရိုးပေါင်တံတွေ
ကျူပင်ရိုး လက်မောင်းလက်ဖျံတွေကို
လောကဓံ ပြင်းပြင်းစိမ်ထားတဲ့ အရေပြားတွေနဲ့ထုပ်ပိုး . .
သူတို့ဘဝလိုချိုငဲ့တဲ့ . . ထမင်း တပုံစံ စားဘို့ . . .
သူတို့ဘဝလို ညစ်ထေးတဲ့ ရေ . . တပုံစံ ချိုးဘို့
ပါးလှပ်လှပ် စက္ကူလူတွေ
အဖြူအမဲ ရုပ်ရှင်အနှေးပြကွက်လိုမျိုး
တရွေ့ရွေ့ လှမ်းထွက်လာကြ
ဒါ . . ကဘော်မှာ ကြိမ်ခရန်ခမှာ . .
နမ့်ဆန်မှာ . .
တောင်လေးလုံးမှာ . .
ထုံးဘိုမှာ . .
ရာဇဂြိုဟ်မှာ . .
ဘဝသစ်စခန်းမှာ . .
ဒီ . . သေမင်းတမန် ရဲဘက်စခန်းတွေမှာ
ငတ်မွတ်မှုက တတိတိ တိုက်စား
ကျောက်တုံးတွေက တအိအိဖိပြား
ပေါက်တူးတွေက ဒရစပ်ဝါးမျိုပစ်လို့
နွားတကောင်အဖြစ် ထွန်ယက်ရင်း . .
ပဲစင်းငုံခင်းထဲအားပြတ်လဲကျ . .
ကျောက်မိုင်းထိ ခြေပြတ်လက်ပြတ် . .
ဝါး တလုံး . . နှီးသုံးချက်ချည်
အလောင်းတလောင်းအဖြစ်
လက်ယက်တွင်းထဲ ခွေးဖော်စားမခံခဲ့ရလို့
မသေလို့ကျန်ခဲ့သူတွေ . . .
ဒါမှမဟုတ် . .
သေဘို့ကျန်ခဲ့သူတွေ
ဒါမှမဟုတ် . . သေဘို့ပြန်ခဲ့သူတွေဖြစ်ကြတယ် ။

ကပ္ပိလဝတ် နန်းဆောင်လယ် လရောင်ပြက် . . ည . .
မှိုင်ငေး . . တွေးမော
သူအိုသူနာတွေ့ခဲ့သူ . .
မင်းသားသိဒ္ဓတ္ထ ဒီလူတွေသာမြင်ခွင့်ရခဲ့ရင် . .
ဒီမင်းသား . .
ဆယ်ခါပြန် ဘုရားပွင့်လောက်ရဲ့ . .
ဆယ်ခါပြန် ဘုရားပွင့်လောက်ရဲ့ . .။ 

(၃)
စားဖိုရဲ့ညှော်နံ့တွေကိုရှုရှိုက်
ထိုးခွာနေတဲ့ မီးကျွမ်းထမင်းချိုးတွေကိုငေးစိုက်
ဖိုခေါင်းရဲ့ကြောင်စားနေတဲ့ . .
သူတို့ “ပုံစံ” ထက်များတဲ့ အသားတုံးတွေကို
အာသာငမ်းငမ်းလှမ်းမျှော် လူတန်းကြီးရဲ့ . . .
ဗို့အားကျ မျက်နှာတွေမှာ . .
အရောင် နဲနဲ . .
လက်လာ . . . 
ငရဲသားတွေကတော့ ပုခုံးပေါ်
သတ္တုကြယ်တွေထိုးချိတ်
တဝါးဝါး ရယ်ပွဲဖွဲ့လိုက်ကြ
တရွှမ်းရွှမ်း ကြိမ်စွမ်းပြလိုက်ကြ
သေလူလည်ချောင်းထဲက
နို့ပေါင်မုန်ု့ကြက်ဥတွေကို လုယက်နှိုက်စားလိုက်ကြနဲ့
“ကောင်းဗျား”
ဂီတသံစဉ်ကို မြိန်မြိန်ယှက်ယှက် စင်တင်နေတယ် 

(၄)
တူတူတူတူ . .
တူတူတူတူ . . .
တတူတူနဲ့
ကြေကြေကွဲကွဲ ညည်းရှိုက်
ဒီလူနာတွေကို တင်ခေါ်မသွားနိုင်လို့
တဂျုံးဂျုံး တဂျုတ်ဂျုတ် စုတ်သပ်ရင်း
မတ္တရာ ရထား ဖြတ်ခုတ်သွား
ဒါ . . ပြင်ပကမ္ဘာကြီးနဲ့ စည်းခြားထားတဲ့
အနားသတ် ငရဲမျဉ်းပေါ့ . . 
ဆေးရုံကတော့ ဒီလူနာတွေရဲ့ ဘဝကို
တစက်စက်လောင်းငှဲ့
တစက်မကျန် တရှိန်ထိုး ကောက်မော့ချလိုက်ရင်း
အကြွင်းအကျန်တွေကို
စားဖိုမီးနဲ့ လောင်ကျွမ်းပစ်
ဝိညာဉ်တွေကိုတော့ စားဖိုမီးခိုးခေါင်းတိုင်ကနေ
အန်ထုတ်ပစ်လိုက်ပါတော့တယ် (၁၉၉၉ ဖေဖော်ဝါရီ၂၅ - မတ် ၁၅)

တာကောဒီ 
မူရင်းစာမျက်နှာ။ ။https://www.facebook.com/uzaw1/videos/804432216272393/?pnref=story

Sunday, April 19

နီပြာမှုန်ရီ

ရေးသူ- သျှင်နေ၀င်းဇော်


ကျမမှာ ကြောင်လေးတကောင် အငှားရှိခဲ့ဖူးတယ်။ သူ့နာမည်က နီပြာမှုန်ရီလို့ ခေါ်တယ်။ ကျမမှည့်ပေးထားတဲ့နာမည်။ ကြောင်လေးက ဘယ်နေရာကမှန်း မသိ ကျမဆီအလည်လာရာက ကျမနဲ့ ရင်းနှီးကျွမ်းဝင်သွားတဲ့ တိရစ္ဆာန်ကလေး။ သူ့ကို ကြည့်ရတာ သူ့ကိုချစ်တဲ့ သခင်တယောက်ယောက်တော့ရှိပုံရတယ်။ ဘာကြောင့်လဲဆိုတော့ သူကျမဆီလာတိုင်း သန့်ရှင်းပြီးလှပနေလို့ပါပဲ။

သူက သူလာပြီဆိုအိမ်ရှေ့ သံပန်းတံခါးကို သူ့ဘယ်လက်လေးနဲ့ ပုတ်ပြီး အချက်ပေးတံခါးခေါက်တတ်တယ်။ အဲဒီလို သံတံခါးရဲ့ အောက်နားဆီက ဒုံဒုံနဲ့ အသံမကျယ်တကျယ်လေးမြည်နေပြီဆို နီပြာမှုန်ရီပဲ။ သူက ၀တုတ်တုတ် ခပ်ထွားထွား ကြောင်လေးဆိုပေမယ့် မြေပေါ်မှာ ဖင်ထိုင်ချပြီး တံခါးခေါက်ရတော့ သံတံခါး အောက်ခြေလေးကိုသာမှီတာပေါ့။ ကျမက အတွင်းက မှန်တံခါးကို ဘေးတိုက်ဆွဲဖွင့်ပြီး သံတံခါးကို မဖွင့်သေးပဲ သူ့ကိုနှတ်ဆက်လိုက်တဲ့အခါ ကျမကို ကြည့်နေကြအတိုင်း တချက်ကြည့်လိုက်တယ်။ အသိအမှတ်ပြုတဲ့ မျက်နှာပေမယ့် ကြောင်ဆိုတော့ မထုံတက်သေးပုံတော့ မျက်နှာပေးမှာ ပေါ်နေတတ်တယ်။ အဲဒါ သူ့ပုံစံပဲ။ ပြီးရင် သူ့ခေါင်းနဲ့ သံပန်းတံခါးကို ပွတ်တော့တာပဲ။ ဟိုဖက်ယိမ်းပွတ်လိုက်၊ ဒီဖက်ယိမ်းပွတ်လိုက်နဲ့။ ကျမက သံတံခါးကိုဖွင့်ပြီး သူ့ကို စကားတွေပြောရင်း သူ့ကိုယ်ကို ပွတ်ပေးရင်တော့ အမြီးလေးထောင်ပြီး ဟိုဖက်သွားလိုက် ဒီဖက်သွားလိုက်နဲ့ ကျမလက်ကို သူ့ကိုယ်လုံးရော သူ့ရဲ့ပူနေတဲ့ဗိုက်မှာပါ ထိအောင် လိုက်ပွတ်သပ်နေတော့တာပဲ။ ကျမက သူ့ကို ပုစွန်ခြောက် ကျွေးရင် သူမစားဘူး။ ဗမာဆီပြန်ချက်ချက်ထားတဲ့ ၀က်သားဟင်းကျွေးရင်တော့ ကြိုက်မှကြိုက်။ ကြောင်ကို ၀က်သားဟင်းကျွေးရင် အဆီတွေပါတတ်လို့ အမွေးကျွတ်တတ်တယ်လို့ ကြားဖူးပေမယ့် သူကြိုက်တော့ ကိုယ်ကလဲ ကျွေးချင်တယ်။ ဒါနဲ့ ၀က်သားဟင်းရှိတဲ့နေ့နဲ့ ကြုံရင် ၀က်သားတုံးကို ရေဆေးပြီး အသားချည်း ရွေးနွှင်ကျွေးရတယ်။

အိမ်မှာ အတူနေတဲ့ အခြားအိမ်သားတွေနဲ့တော့ သူက မတည့်ဘူး။ သူ့ကို အိမ်ထဲကနေ ဆွဲဆွဲထုတ်လို့ ထင်တယ်။ ကျမနဲ့တော့ အတော် အဖွဲ့ကျနေပြီ။ ကျမစာဖတ်နေရင် သူက ဘေးက အဖော်လုပ်တယ်။ သူ့အတွက် ၀ယ်ပေးထားတဲ့ အိပ်ယာက သေးနေပေမယ့် ကျမစိတ်ချမ်းသာအောင် အိပ်ပြတယ်။ တော်တော် အလိုက်သိတတ်တဲ့ကြောင်ပဲ။ တခါတလေ ကြောင်လို့တောင် စိတ်ထဲ မထင်မိအောင်ပဲ။ လူအို အဖိုးကြီး ကျနေတာပဲ။ သူနဲ့ စကားပြောရင် သူက သူသိပြီးသားကိစ္စတွေကို ကျမကျေနပ်အောင် အဖိုးက မြေးကို မျက်စိလေး ခဏမှိတ်လိုက် ပြန်ကြည့်ပြီး နားထောင်ပေးလိုက် လုပ်နေသလို မျက်နှာထား၊ အပြုအမူနဲ့ သေချာနားထောင်တယ်။ ဓာတ်ပုံရိုက်မယ်ဆိုရင်လဲ သိတယ်။ ငြိမ်ငြိမ်နေတယ်။

တနေ့တော့ မိုးဖွဲတွေ ကျနေတဲ့ ညနေထဲမှာ သူအိမ်ကိုလာလည်ပြီး ပြန်မယ့်အချိန် ကျမလဲ သူဘယ်က လာတာလဲဆိုတာ သိချင်ဇောနဲ့ သူ့နောက်က ဖြေးဖြေးလေးလိုက်ပြီး အသာခေါင်းထောင် ကြည့်မိတယ်။ သူက ကျမနောက်ဖေး ခြံစည်းရိုးကို ခုန်ပြီး ကျော်ထွက်သွားပြီ။ ဒါနဲ့ ကျမလဲ ခြံစည်းရိုးနားထိသွားပြီး ခြေဖျားထောက်ကြည့်လိုက်တော့ သူက ကျမလိုက်လာတာ သိသွားတယ်။ သွားလက်စကနေ ဆက်မသွားတော့ပဲ အဲဒီနေရာတင် ကျမကို ကျောပေးပြီး ထိုင်ချလိုက်ပါရော။ ပြီးတော့ သမင်တွေ လည်ပြန်ကြည့်သလို ကျမကိုလည်ပြန်ကြည့်နေတာ အကြာကြီး။ သူ့မျက်နှာက သူ့အကြောင်းသိသွားမှာ ရှက်နေသလိုလို၊ အားနာနေသလိုလို။ ကျမမိုးရေထဲ ဘာချောင်းနေတာလဲလို့ သိချင်စိတ်နဲ့ အိမ်သားနောက်တယောက်ကပါ ဘေးကလာကြည့်တော့ နီပြာမှုန်ရီရဲ့ မျက်နှာပေးကိုသူပါတွေ့သွားတာပေါ့။ ကျမတို့ ကြုံတိုင်း အဲဒီအကြောင်း ပြောလို့မဆုံးဘူး။ လူအတိုင်းပဲ။

အတူကြည့်နေတဲ့သူကတော့ စိတ်မရှည်လို့ အိမ်ထဲပြန်ဝင်သွားပြီ။ သူကလဲ မဲပြီး အဲဒီအတိုင်း ကျမကို လည်ပြန်ကြည့်ရင်းထိုင်ချထားတုံး။ ကျမကလဲ ခြံစည်းရိုး ဒီဖက်ကနေ သူ့ကိုစောင့်ကြည့်နေတုံး။ သူလဲစို ကျမလဲမိုးရေတွေစို။ ဒါနဲ့ ကျမလက်လျော့ပြီး အိမ်ထဲပြန်ဝင်ချင်ယောင်ဆောင်လိုက်တယ်။ သူမိုးစိုပြီး ဖျားမှာစိုးတာကြောင့်။ သူ့ကို ကျောခိုင်းပြီး နှစ်လှမ်း သုံးလှမ်းလောက် ဟန်ပြလှမ်းပြီး ရုတ်တရက် နောက်ပြန်လှည့်ကြည့်လိုက်တော့ ကိုယ်တော်ချောက မရှိတော့ဘူး။ နေ့တိုင်းနီးပါး တလလောက်လာလည်နေကျကြောင်လေးကို အဲဒီညနေက နောက်ဆုံးတွေ့လိုက်ရတာပါပဲ။

သူဘာကြောင့် နောက်နေ့တွေက စပြီးလုံးဝပေါ်မလာတော့တာလဲ ဆိုတာတော့ ကျမဒီနေ့ထိ အဖြေပေါ်အောင် စဉ်းစားလို့မရပါဘူး။ အိမ်က အိမ်သားတွေကတော့ မျိုးစုံဝိုင်းတွေးပေးကြတယ်။ အကောင်းရော၊ အဆိုးရောပေါ့။ သူ့သခင် အိမ်ပြောင်းသွားလို့။ ကားများတိုက်ခံရလို့ သေပြီလား မသိဘူး။ အိမ်ခြေမဲ့ တိရစ္ဆာန်တွေကို စောင့်ရှောက်တဲ့အဖွဲ့က ဖမ်းသွားပြီလား မသိဘူး။ စသဖြင့်ပေါ့လေ။ ကျမကတော့ ကျမကိုချစ်တဲ့ အဖိုး၊အဖွား၊အမေ တယောက်ယောက်က တမလွန်ကနေ ကြောင်ယောင်ဆောင်ပြီး ကျမဆီခဏလာလည်တယ်လို့တောင် ထင်ချင်မိတယ်။ သူ့နောက်လိုက်ကြည့်မိလိုက်တော့ သူဖုံးထားတဲ့ သူ့ဘ၀သရုပ်အမှန်ပေါ်သွားမှာစိုးလို့ ဆက်ပြီး အယောင်ဆောင်ဖန်ဆင်းပြီး မလာတော့တာ ဖြစ်မယ်လို့ထင်နေမိတယ်။ သူနဲ့ကိုယ်က ကြောင်နဲ့ လူပေမယ့် အဲဒီလိုရင်းတာကိုး။ နီပြာမှုန်ရီ ဘယ်ရောက်သွားတယ်ဆိုတာကိုတော့ နီပြာမှုန်ရီသာ အသိဆုံးဖြစ်ပါလိမ့်မယ်။

ကျမကတော့ သံယောဇဉ်တွယ်ငြိတတ်တဲ့ ပုထုဇဉ်ရဲ့ သဘာဝအတိုင်း ဒီကြောင်လေးနဲ့ ရေဆက်ဆုံရတဲ့ တခဏတာအတွင်း ခင်သွားတာကြောင့် အမြဲ အလည်လာစေချင်နေတော့တာပေါ့။ ကျမသူ့ကို အင်တာနက်စာမျက်နှာတွေမှာ လိုက်တောင်ရှာမိသေးတယ်။ မတွေ့ပါဘူး။ သြော် ပုထုဇဉ်ဆိုတာ ငြိတတ် တွယ်တတ်သမျှ အဲဒီနောက်လဲ လိုက်တတ်ပါလား။ တဖြေးဖြေး နီပြာမှုန်ရီကို သတိရစိတ်မပြင်းထန်တော့ပေမယ့် တခါတခါ သတိရမိတဲ့အခါတွေလဲရှိပါတယ်။ အခု ဒီစာလေးကို သူ့ကိုသတိရစိတ်နဲ့ရေးမိတဲ့ အဖြစ်မျိုးပေါ့။ နီပြာမှုန်ရီ ဘေးရန်ကင်းပြီး ကိုယ်ရော စိတ်ပါ ချမ်းသာပါစေ။ ဘာပဲ ဖြစ်ဖြစ် ဒီစကြ၀ဋ္ဌာကြီးထဲတော့ ကျမနဲ့သူ အတူရှိနေကြတာပဲ။

၂၀၁၄ ဒီဇင်ဘာလ ၁၂ရက် 
ည ၈း၅၈